ကိုဗစ်ရောဂါသက်သာ၍ ဆေးရုံမှဆင်းလာသည့်လူနာများ အချိန်အတိုင်းတာတစ်ခုထိ အနားယူရန်လိုအပ်

ကိုဗစ်ရောဂါကူစက်ခြင်းခံရပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းလာသည့်လူနာများမှာ အချိန်အတိုင်းတာတစ်ခုထိ အနားယူရန်လိုအပ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုသည်။

20 Aug 2021

DMG ၊ သြဂုတ် ၂၀

ကိုဗစ်ရောဂါကူစက်ခြင်းခံရပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းလာသည့်လူနာများမှာ အချိန်အတိုင်းတာတစ်ခုထိ အနားယူရန်လိုအပ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းမှာ ရောဂါပိုးကူးစက်မှုမြန်ပြီး ပြင်းထန်သည့်အတွက် အဆုတ်ပျက်စီး၍ အောက်စီဂျင်ကျနိုင်သည့်အတွက် ဆေးရုံဆင်းလူနာများမှာ အနားယူရန်လိုအပ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဆေးရုံကဆင်းပြီးတော့ သေသွားတဲ့သူတွေဟာ အဆုတ်ပျက်စီးလိုဆုံးသွားတာပေါ့နော်။ ဆေးရုံကဆင်းပြီးတော့ အောက်စီဂျင်ကျပြီး သေသွားတဲ့လူနာတွေလည်းရှိတယ်။ မနိုင်တဲ့ဝန်ကိုထမ်းရင် စက်ကဟန်းသလိုမျိုးပေါ့။ အဆုတ်ပျက်စီးနေတဲ့အချိန်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်မိတယ်ဆိုရင် လိုအပ်နေတဲ့ အောက်စီဂျင်ကမလိုက်နိုင်ဘူး။ အဲဒါကြောင့် အိမ်ကိုရောက်သွားရင် အချိန်အတိုင်းအတာတစ်ခုထိ နားနားနေနေနေဖို့လိုအပ်တယ်” ဟု ဆိုသည်။

ဆေးရုံမှဆင်းသွားသည့်လူနာများအနေဖြင့် မိမိနေအိမ်တွင် Home Quarantine အဖြစ် တစ်ပတ်နေရမည့် အချိန်ကာလတွင် မိသားစုဝင်များအနေဖြင့် ကိုဗစ်စည်းကမ်းနဲ့အညီနေရန် လိုအပ်ကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

“ဆေးရုံကဆင်းသွားတဲ့လူနာတွေကို ကျနော်တို့က Home Quarantine အနေနဲ့အိမ်မှာတစ်ပတ်ထားတယ်။ အိမ်မှာနေတဲ့အချိန်မှာလည်း ကိုဗစ်စည်းကမ်းနေရမယ်။ ဘာဖြစ်လိုလဲဆိုတော့ သူက positive လူနာဖြစ်တဲ့အတွက် အိမ်မှာရှိတဲ့တခြားလူတွေကိုမကူးစက်ရအောင် မိမိအသိနဲ့ ၆ ပေအကွာနေရမယ်။ အဓိကတော့ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာဖို့လိုတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ရခိုင်တွင် သြဂုတ် ၁၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၇၁၇ ဦးရှိပြီး သေဆုံးသူ ၃၅၈ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၄၀၇ ဦးအထိရှိကြောင်း

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စာရင်းများအရ သိရသည်။

ဗီဒီယိုများ