လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်များအတွက် အကူအညီလိုအပ်

ရခိုင်ပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်နေအိမ်များ ပျက်စီးခဲ့သဖြင့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

23 May 2022

မေလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် နေအိမ်ပျက်စီးသွားစဉ်။

DMG ၊ မေ ၂၃

ရခိုင်ပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်နေအိမ်များ ပျက်စီးခဲ့သဖြင့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်နေအိမ်များမှာ အိမ်ခေါင်မိုးပွင့်ထွက်သွားခြင်း၊ အိမ်နံရံများ ပျက်စီးသွားခြင်းတို့ရှိသည်။ ထို့ကြောင့် နေအိမ်များ ပြန်လည်ပြုပြင်ရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံများ၏ ပြောဆိုချက်အရ သိရသည်။

မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၂ အိမ်မှာ ခေါင်မိုးများနှင့် အိမ်နံရံများပျက်စီးသွားကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုညီပုက DMG သို့ပြောသည်။

“နေအိမ်တွေပျက်စီးသွားတာ။ ဒီမှာအကုန်လုံး ခေါင်မိုးတွေပွင့်ထွက်ကုန်ပြီ။ ပထမတစ်ခေါက် တိုက်ခဲ့တုန်းကနေ ပြိုနေကြတာတွေရှိတယ်။ အဲဒါတွေ မပြုပြင်ရသေးဘူး ဒီတစ်ခေါက်လည်းထပ်ပြီးတိုက်တော့ တစ်ခုမှ မကျန်လိုက်တော့ဘူး။ အိမ်နံရံတွေပါတယ်၊ ခေါင်မိုးတွေပါသွားတာက ပိုများတယ်။ အုန်း မိုးထားတာတွေပါ အကုန်လုံးကပ်ပါသွားပြီ”ဟု သူကပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ်များတွင်မိုးထားသည့် တာလပတ်များ လေနှင့်လွင့်ပါပေါက်ပြဲသွားသည်ဟု စခန်းတာဝန်ခံ ကိုမောင်ကံက DMG သို့ပြောသည်။

"ကျနော်တို့စခန်းက အမိုးတွေက တာလပတ်ဖြစ်လို့ နိုင်လွန်ကြိုးတွေပြတ်ပြီးတော့ အကုန်လုံးလွင့်ပါသွားတယ်။ တာလပတ်တွေလိုအပ်ပါတယ်”ဟု သူကပြောသည်။

ထို့ပြင် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း တာလပတ်ဖြင့်မိုးထားသည့် နေအိမ် ၂၀၀ ကျော်မှာ ခေါင်မိုးများပျက်စီးသွားပြီး ဓနိဖြင့်မိုးထားသည့် နေအိမ် ၂၀ ခန့်မှာလည်း ခေါင်မိုးများပျက်စီးသွားသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ် ၂၀ ခန့်မှာ အိမ်နံရံများ၊ ခေါင်မိုးများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကတိုက်ခတ်ခဲ့သည့် လေပြင်းကြောင့်လည်း ရခိုင်က စစ်ဘေးရှောင်များရှိ နေအိမ် ၉၀၀ ခန့်ပျက်စီးမှုရှိခဲ့သည်ဟု DMG မှ စုံစမ်းသိရှိခဲ့ရသည်။

ဗီဒီယိုများ