တိုက်ပွဲဧရိယာအတွင်းရှိ လယ်သမားများ ထွန်ယက်စိုက်ပျိုးရန် လုံခြုံရေးစိုးရိမ်မှုရှိနေ

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားမှုများရှိနေသော နယ်မြေများတွင် လယ်ယာထွန်ယက်စိုက်ပျိုးရန်အတွက် စိုးရိမ်မှုများရှိနေကြောင်း လယ်သမားများကပြောသည်။

19 Jun 2020

ခင်သရဖီဦး | DMG
ဇွန် ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားမှုများရှိနေသော နယ်မြေများတွင် လယ်ယာထွန်ယက်စိုက်ပျိုးရန်အတွက် စိုးရိမ်မှုများရှိနေကြောင်း လယ်သမားများကပြောသည်။

လက်ရှိမှာ လယ်ယာများကို စတင်ထွန်ယက်နေပြီဖြစ်သော်လည်း တပ်မတော်စစ်ကြောင်းများလာပါက စိုးရိမ် စိတ်ကြောင့် မကြာခဏပြေးနေရသည်ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဦးခိုင်ဖိုးက ဆိုသည်။

“ကျနော်တို့က ကျီးလန့်စာ စားနေရသလိုပဲ” ဟု ၎င်းကပြောသည်။

လယ်ထွန်ယက်လုပ်ကိုင်နေစဉ် လက်နက်ကြီးကျည်ကျရောက်မှုများရှိခြင်းကြောင်းလည်း အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှ ဦးမောင်သိန်းလှက ပြောသည်။

“လယ်တွေ ထွန်နေပေမဲ့ စစ်ကြောင်းတစ်ခု ရောက်လာရင် ရှောင်နေရတယ်။ တိုက်ပွဲဖြစ်နေတော့ လက်နက်ကြီးတွေနဲ့ ရမ်းပြီးပစ်တယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုများရှိသည့် မြေပုံ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များတွင် ဇွန်လ ပထမပတ်မှစ၍ လယ်ယာထွန်ယက်ခြင်းကို စတင်နေပြီဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။

ယခုကဲ့သို့ တောင်သူများ၏ စိုးရိမ်ချက်များကို ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ဆိုသည်။

“အရင်နှစ်တွေကလည်း အခုလိုမျိုး ရှိခဲ့တာကြောင့် ကြိုတင်ပြီးစဉ်းစားခဲ့တယ်။ အစိုးရနဲ့ လွှတ်တော်ဖက်ကတော့ ဒါတွေကို ပြင်ဆင်ဖို့အတွက် လုပ်နေတယ်လို့တော့ပြောတယ်”ဟု ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိသည့် ဒေသများတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ထွန်ယက်မစိုက်ပျိုး နိုင်ခဲ့သည့်လယ်များနှင့် ထွန်ယက်စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်ခဲ့သည့်လယ်များမှာ စုစုပေါင်းဧက ၅ သောင်းခန့် အထိ ရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

ယခုနှစ်တွင် တိုက်ပွဲဧရိယာအတွင်းမှ လယ်သမားများမှာ ယခင်နှစ်ထက် လယ်ယာထွန်ယက်စိုက်ပျိုးမှု နည်းပါးလာနေကြောင်းလည်း တောင်သူများထံမှ သိရသည်။

ဗီဒီယိုများ