ရခိုင်တွင် အောက်စီဂျင်မရရှိ၍ ကိုဗစ်အတည်ပြုလူနာအချို့သေဆုံးရကြောင်း သတင်းများထွက်ပေါ်နေ

ရခိုင်ပြည်နယ်တွင် COVID -19 ကြောင့် သေဆုံးသူဦးရေမှာ တဖြည်းဖြည်းမြင့်တက်လာနေပြီး ယင်းသို့သေဆုံးသည့် လူနာ တချို့မှာ အောက်ဆီဂျင်မရရှိ၍ သေဆုံးရခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်လျက်ရှိနေသည်။

20 Jul 2021

DMG | ဇူလိုင် ၂၀

ရခိုင်ပြည်နယ်တွင် COVID -19 ကြောင့် သေဆုံးသူဦးရေမှာ တဖြည်းဖြည်းမြင့်တက်လာနေပြီး ယင်းသို့သေဆုံးသည့် လူနာ တချို့မှာ အောက်ဆီဂျင်မရရှိ၍ သေဆုံးရခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်လျက်ရှိနေသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအတွက် အောက်စီဂျင်များအလုံအလောက်ရှိကြောင်း ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇူလိုင် ၁၄ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ထိုသို့ပြောကြားချက်မှာ လက်တွေ့တွင် အဖြေထုတ်နိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်မှ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူ စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

“လက်ရှိဒီကိစ္စအပေါ်မှာ ကျွန်တော်တို့လည်း အဖြေရှာမရဘူးဖြစ်နေတယ်။ ဆေးရုံကိုမေးလိုက်ရင် အောက်ဆီဂျင် အလုံအလောက်ရှိတယ်ပြောပြီး ပြည်သူတွေကဖုန်းဆက်လာရင် အောက်ဆီဂျင်မလုံလောက်ဘူးဆိုပြီး ပြောနေတာတွေ ရှိတယ်။ ဒီတော့ အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း အောက်ခြေကလူနာရှင်တွေနဲ့ထိတွေ့ပြီး သူတို့အသံကို နားထောင်စေချင်တယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအပါအဝင် ယနေ့ ဇူလိုင် ၂၀ ရက်နေ့တို့တွင် ဆေးရုံတချို့၌ အောက်စီဂျင်လိုအပ်သည်ဟု ပြောဆိုမှုများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုနေကြသည်ကို တွေ့ရှိရသည်။

စစ်တွေမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည့် လူနာတစ်ဦး၏သားဖြစ်သူကမူ မိမိဖခင် သေဆုံး ခဲ့ခြင်းမှာ အောက်စီဂျင်လုံလောက်စွာမရရှိ၍ဖြစ်သည်ဟု DMG သို့ ပြောသည်။

“ကျွန်တော့အဖေအတွက် အောက်စီဂျင်နှစ်လုံးလိုတာကို တစ်လုံးပဲပေးတယ်။ ပေးခဲ့တဲ့အောက်စီဂျင်အိုးက ဆယ်မိနစ် လောက်ပဲခံလိုက်တယ်။ နောက်ထပ်လိုလို့ သွားတောင်းတော့ လာပေးမယ်ပဲပြောပြီး ရောက်မလာဘူး။ ဒီလိုအချိန်မမှီတဲ့ အတွက် ဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ သူတို့က လိုအပ်သလောက်မထုတ်ပေးနိုင်လို့ ခုလိုဖြစ်ရတာပါ” ဟု ၎င်းကရှင်းပြသည်။

ထိုသို့ ပြောဆိုမှုများနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံမှ တာဝန်ရှိသူများကို DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တိတိကျကျ အတည်ပြုပြောဆိုနိုင်သူမရှိပေ။

လက်ရှိ ရခိုင်ပြည်နယ်၌ အောက်စီဂျင်လိုအပ်မှုများကိုဖြေရှင်းနိုင်ရန်အတွက် မြို့နယ်တချို့တွင် ဒေသခံပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှဦးဆောင်ကာ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံများ တည်ဆောက်လျက်ရှိကာ ကျန်မြို့နယ်များတွင်လည်း အောက်စီဂျင်စက်ရုံတည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြသည်။

ဇူလိုင်လ ၁၉ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း COVID-19 ပိုးတွေ့ရှိသူ ၁၅၄၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၆၂ ဦးနှင့် သေဆုံးသူ ၅၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ