AA နှင့်ဆက်စပ်သည့်သံယဖြင့် အဖမ်းခံထားရသည့် ရမ်းဗြဲဒေသခံကို တစ်နှစ်ကျော်ကြာသည့်တိုင် မိသားစုမှတွေ့ခွင့်မရသေး

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာသားတစ်ဦးကို အချိန်တစ်နှစ်ကျော်ကြာသည့်တိုင် မိသားစုမှတွေ့ခွင့်မရသေးကြောင်း သိရသည်။

26 Mar 2022

DMG ၊ မတ် ၂၆

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာသားတစ်ဦးကို အချိန်တစ်နှစ်ကျော်ကြာသည့်တိုင် မိသားစုမှတွေ့ခွင့်မရသေးကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခံထားရသူမှာ ကိုထွန်းမင်းစိုးဖြစ်ပြီး လက်ရှိတွင် ကျောက်ဖြူအကျဉ်းထောင်၌ရှိနေကြောင်း သတင်းကြားသိရ၍ မိသားစုဝင်များက ထောင်သို့သွားရောက်တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း ထောင်တာဝန်ရှိသူတို့က တွေ့ခွင့်မပေးကြောင်း ဖခင်ဖြစ်သူဦးထွန်းယဉ်က DMG သို့ပြောသည်။

“ဖမ်းသွားကတည်းက သူ့ကိုမမြင်ရတာ။ ထောင်မှာရှိတယ်ဆိုပြီးသတင်းကြားလို့ စားစရာတွေယူပြီးသွားတွေ့ပြန်တော့လည်း ထောင်မှူးက စားစရာတွေကိုဒီမှာထားခဲ့ ပြန်တော့ဆိုပြီးပြောလို့ မတွေ့ရဘဲပြန်လာရတယ်။ ကျနော့်သားနဲ့ တခါမှစကားပြောခွင့် မရဘူး။ အခုဆို ငွေအခက်ခဲရှိလို့ ထောင်ထိလိုက်မသွားနိုင်ဘူး။ သွားရင်လည်း သားနဲ့တွေ့ရတာမှာမဟုတ်တော့ သူစားဖို့သောက်ဖို့လောက်ကိုပဲ ထောင်မှူးဆီကိုလွှဲပေးဖြစ်တယ်”ဟု ဦးထွန်းယဉ်ကပြောသည်။

ရမ်းဗြဲမြို့နယ်၊ တန်ဇင်းမြစ်အတွင်းသွားလာနေသည့် စစ်ရေယာဉ်ကို ပစ်ခတ်ခဲ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက ကိုထွန်းမင်းစိုးအပါအဝင် ကုလားပုန်းရွာသား ၅ ဦးကို ကျေးရွာအတွင်းလာရောက်ပြီး စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၅ ဦးထဲမှ တစ်ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကိုထွန်းမင်းစိုးအပါအဝင် ကျန်ရွာသားလေးဦးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က) (ည) ၅၂(က)တို့ဖြင့် ရမ်းဗြဲမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ကုလားပုန်းကျေးရွာသား ၃ ဦးမှာ တရားရင်ဆိုင်နေရာမှ ပြန်လည်လွတ်မြောက်သွားခဲ့ပြီး လက်ရှိမှာ ကိုထွန်းမင်းစိုးတစ်ဦးသာ ကျန်ရှိနေခြင်းဖြစ်သည်။

လက်ရှိကျောက်ဖြူအကျဉ်းထောင်၌ရှိနေသည့် ကိုထွန်းမင်းစိုးကို ဖမ်းဆီးခံရချိန်မှစ၍ မိသားစုဝင်တို့က တစ်ကြိမ်တခါမှမမြင်တွေ့ရသေးသဖြင့် မည်သို့၊မည်ပုံဖြစ်နေသည်ကို စိုးရိမ်နေကြသည်။

“သူတို့က ထောင်ထဲမှာရှိတယ်ဆိုရင်လဲ ထောင်ထဲမှာပေါ့။ ကျနော်တို့မြင်တွေ့ရတာမှ မဟုတ်တာ။ သူတို့စကားအတိုင်းပဲပေါ့။ ဒါတွေက ကျနော်တို့အတွက်စိုးရိမ်စိတ်ကို ပိုဖြစ်စေတယ်။ ငါ့သားဘာဖြစ်နေလဲ။ ဘယ်လိုပုံစံဖြစ်နေလို့ ငါတို့မတွေ့ရတာလဲ ဆိုပြီး စိုးရိမ်စိတ်တွေဝင်တယ်”ဟု ဖခင်ဖြစ်သူ ဦးထွန်းယဉ်ကပြောသည်။

ထိုသို့ ကိုထွန်းမင်းစိုးနှင့် မိသားစုဝင်များတွေ့ခွင့်မရဟု ပြောဆိုခြင်းနှင့်ပတ်သက်ပြီး ကိုဗစ်ရောဂါကြောင့် တားမြစ်ထားခြင်းသာဖြစ်ပြီး ကိုထွန်းမင်းစိုးမှာ ကျောက်ဖြူအကျဉ်းထောင်၌ရှိနေသည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှစုံစမ်းသိရှိရသည်။

“ထွန်းမင်းစိုးဆိုတဲ့လူကတော့ ကျောက်ဖြူအကျဉ်းထောင်ထဲမှာ ရှိတယ်။ သူကတပ်ပြေးဆိုတော့ သူ့ကို တပ်ကပဲထိန်းသိမ်းထားတာ။ အကျဉ်းထောင်ထဲကိုရောက်တာက ငါးလ၊ ခြောက်လပဲ ရှိသေးတယ်လို့သိရတယ်။ နောက်ပြီးမိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘူးဆိုတာကလည်း တနိုင်ငံလုံးမှာ ကိုဗစ်နဲ့တွေ့ခွင့်ကန့်သတ်ထားတာကြာပြီ”ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကိုထွန်းမင်းစိုးမှာ AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ၎င်းကိုတပ်ပြေးဖြစ်သည်ဟုဆိုကာ စစ်တပ်ကခေါ်ဆောင်သွားချိန်မှစ၍ မိသားစုမှတွေ့ခွင့်မရတော့ခြင်းဖြစ်သည်။

ကိုထွန်းမင်းစိုး၏ တပ်ပြေးမှုအပါအဝင် လက်ရှိအမှုအခြေအနေတို့နှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

လူတစ်ဦးကို ယခုကဲ့သို့ အချိန်ကြာမြင့်စွာဖမ်းဆီးထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံစကားပြောခွင့်၊ ထောင်ဝင်စာတွေ့ခွင့်မပေးခြင်းမှာ လူ့အခွင့်အရေးကိုချိူးဖောက်ခြင်းဟု လူ့အခွင့်အရေးလှုပ်ရှားသူများကပြောသည်။

ရခိုင့်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ဒါကဘယ်လိုမှမဖြစ်သင့်ဘူး။ လူတစ်ယောက်ကို နှစ်အကြာကြီးဖမ်းထားပြီး မိသားစုနဲ့တောင်တွေ့ခွင့်မပေးဘူးဆိုတာ လူ့အခွင့်အရေးအရကြည့်မယ်ဆိုရင် မတရားဖမ်းဆီးချုပ်နှောင်ထားတာပဲ”ဟု DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည့်သံယဖြင့် အမှုဖွင့်ခံရပြီး လက်ရှိအချိန်ထိမလွတ်မြောက်သေးဘဲ အကျဉ်းထောင်အသီးသီး၌တရားရင်ဆိုင်နေရသူ ၇၀ ကျော် ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများစာရင်းကိုကောက်ယူထားသူများထံမှ သိရသည်။

ဗီဒီယိုများ