ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၆၀၀ ကျော်ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယမန့်နေ့ (မတ်လ ၁၁ ရက်) ညနေ ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖက်ကျကျေးရွာမှ ဒေသခံ ၆၀၀ ကျော်မှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း ကျေးရွာသားများထံမှသိရသည်။

By ကျော်သူဌေး 12 Mar 2020

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးလာကြသည့် ရွာသားများကို ၂၀၁၉ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။

ကျော်သူဌေး | DMG
မတ် ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယမန့်နေ့ (မတ်လ ၁၁ ရက်) ညနေ ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖက်ကျကျေးရွာမှ ဒေသခံ ၆၀၀ ကျော်မှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း ကျေးရွာသားများထံမှသိရသည်။

၎င်းကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့မှာ ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ကာ ယနေ့၊ နံနက် ၈ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း ဖက်ကျကျေးရွာသား ဦးမောင်ဘဝင်းက ပြောသည်။

“ရွာနားက တောင်နားမှာ တစ်ညလုံးဖြစ်ပါတယ်။ ရွာမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျပါတယ်။ ရွာကလူတွေက နီးစပ်ရာကျေးရွာတွေမှာအားလုံး ထွက်ပြေးနေရပါတယ်။ ရွာမှာ လူမရှိတဲ့အတွက် အိမ်ကပစ္စည်းတွေ ပျောက်သွားမှာကို စိုးရိမ်မိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျေးရွာသားများမှာ အနီးနားရှိ နဒေါင်းကျကျေးရွာနှင့် မိုးတိမ်ပြင်ကျေးရွာများသို့ ထွက်ပြေး နေရကြောင်း ပုဏ္ဏားကျွန်းမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ နီးစပ်ရာကျေးရွာများကို ထွက်ပြေးနေကြတယ်။ လောလောဆယ်က သူတို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတာ မဟုတ်သေးဘူး။ နီးစပ်ရာကျေးရွာက ဆွေမျိုးအိမ်တွေမှာ နေနေကြတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်အထိ ကြာမြင့်လာနေပြီး စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာနေပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)ထံမှသိရသည်။

ဗီဒီယိုများ