တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်အတွင်းမှ မြို့နယ်များတွင် မိုးစပါးမရိတ်သိမ်းနိုင်ဖြစ်နေ

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲပြင်းထန်နေသော မြို့နယ်များတွင် မိုးစပါးများရိတ်သိမ်းချိန် ရောက်ကြပြီဖြစ်သော်လည်း မရိတ်သိမ်းနိုင်ဖြစ်နေကြကြောင်း လယ်သမားများက ဆိုကြသည်။

By မျိုးသီရိကျော် 04 Nov 2020

လယ်သမားများမှာ မိမိနေရပ်ကိုစွန့်ခွာပြီး နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကာ ၎င်းတို့ စိုက်ပျိုးခဲ့သော စပါးများကို ရိတ်သိမ်းရန် လိုလားနေကြသည်။ (ဓာတ်ပုံ - တက်လမ်းစီမံကိန်း)

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲပြင်းထန်နေသော မြို့နယ်များတွင် မိုးစပါးများရိတ်သိမ်းချိန် ရောက်ကြပြီဖြစ်သော်လည်း မရိတ်သိမ်းနိုင်ဖြစ်နေကြကြောင်း လယ်သမားများက ဆိုကြသည်။

ရသေ့တောင်မြို့နယ်မှ လယ်သမားများမှာ ကောက်သစ်စပါးများကို ရိတ်သိမ်းရမည့်အချိန် ရောက်နေပြီဖြစ်သော် လည်းတပ်မတော်စစ်ကြောင်းများ မကြာခဏ ဖြတ်သန်းသွားလာခြင်း၊ တိုက်ပွဲများ မကြာခဏ ဖြစ်နေသည့်အတွက် စပါးမရိတ်သိမ်းနိုင်ဖြစ်နေကြသည်ဟု ရေပုတ်ကျေးရွာနေ ဦးမောင်ဝေသိန်းက ပြောသည်။

“ကောက်သစ်စပါးတွေကို ရိတ်သိမ်းရတော့မယ်။ ရွာမှာလူတွေ မရှိတော့ မရိတ်ရသေးဘူး။ ကျနော်တို့လည်း လယ်ထဲသွားတယ် တပ်မတော်သားတွေနဲ့တွေ့ရင် အိမ်ကိုပြန်လာတယ်။ စပါး ကိုရိတ်သိမ်းချိန်မှာ မရိတ်ရရင်တော့ အလေအလွင့် ဖြစ်သွားမယ်” ဟု ၎င်းက ရှင်းပြသည်။

အလားတူ ဒေသတည်ငြိမ်မှုမရှိ၍ ယခင်နှစ်များကလို မိုးစပါးတို့ကို အပြည့်အဝစိုက်ပျိုးနိုင်ခြင်း မရှိခဲ့သည့်ပြင် ၎င်းစပါးများကိုလည်း ရိတ်သိမ်းနိုင်ခြင်းမရှိလျှင် လာမည့်နှစ်မှာ စားဝတ်နေရေး ကျပ်တည်းခြင်းတို့နှင့် ရင်ဆိုင်လာရနိုင်ကြောင်း ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်ကပြောသည်။

“ကျနော်တို့ဖက်မှာ အလုပ်သမားတွေမရှိတော့ စပါးရိတ်စက်နဲ့ပဲ ရိတ်ရတယ်။ အခု နှစ်မှာတော့ စပါးရိတ်စက် မရောက်မှာကိုလည်း လယ်သမားတွေ တော်တော်စိုးရိမ်နေကြတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်၍ ဆိုသည်။

မိုးစပါး အမြန်ရိတ်သိမ်းနိုင်ရန်အတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အနေဖြင့်လည်း တိုက်ပွဲများရပ်တန့်စေချင်ကြောင်း တောင်သူများက တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်မှ လယ်သမားများမှာ မိုးစပါးတစ်ခုတည်းသာ အဓိကထားစိုက်ပျိုးကာ လုပ်ကိုင်စားသောက်နေကြရသည့်အတွက် ရိတ်သိမ်းချိန်၌ ဒေသမတည်ငြိမ်ခြင်းကြောင့် မရိတ်သိမ်းရလျှင် စားဝတ်နေရေးအခက်အခဲ ဖြစ်လာနိုင်သကဲ့သို့ ဆန်စပါးဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက သုံးသပ်သည်။

“ဒီနှစ်မှာ ကျောက်တော်နဲ့ ရသေ့တောင်ဖက်တွေမှာ စပါးမစိုက်ပျိုးနိုင်တဲ့ဧကတွေ အများဆုံးဖြစ်တယ်။ သူတို့ ဘာတွေလိုအပ်နေလဲဆိုတာကို ဒီမိုကရေစီအစိုးရတရပ်အနေနဲ့ အမြဲတမ်း စောင့်ကြည့်နေဖို့ လိုအပ်တယ်။ အဲဒီ အပိုင်းတွေကို အစိုးရက ကူညီပံ့ပိုးတာ တစုံတခု မရှိဘူး။ တောင်သူတွေအနေနဲ့ ဒီထက်ပိုဆိုးလာရင်တော့ ကိုယ်ပိုင်တဲ့လယ်ယာမြေတွေကို အကုန်လုံး စွန့်လွှတ်ရမယ့် အခြေနေထိတောင် ရောက်လာနိုင်တယ်” ဟု ၎င်းက ဆက်၍ ရှင်းပြသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၉ ခုနှစ်က စပါးမစိုက်ပျိုး၊ မရိတ်သိမ်းနိုင်သည့် လယ်သမားများကိုယ်စား ရခိုင်ပြည်နယ် တောင်သူများသမဂ္ဂအသင်းအနေဖြင့် သက်ဆိုင်ရာဝန်ကြီးများနှင့် သမ္မတထိ စာတင်အကြောင်းကြားခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် အမ်းမြို့နယ်တို့အပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် မိုးစပါးမစိုက်ပျိုးနိုင်သည့် စုစုပေါင်းဧက ငါးသောင်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ပို၍များလာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ဗီဒီယိုများ