ရခိုင်တွင် တိုက်ပွဲကြောင့် စပါးဧက(၁)သောင်းကျော် ရိတ်သိမ်းရန်အခက်တွေ့နေ

လက်ရှိတွင် စပါးရိတ်သိမ်းရန်အချိန် ရောက်ရှိနေပြီဖြစ်သော်လည်း အနီးအနားတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရိတ်သိမ်းရန်အခက်ခဲဖြစ်နေကြရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

By ခိုင်ရိုးလ 23 Nov 2019

လယ်သမားများမှာ မိမိနေရပ်ကိုစွန့်ခွာပြီး နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကာ ၎င်းတို့ စိုက်ပျိုးခဲ့သောစပါးများကို ရိတ်သိမ်းရန် လိုလားနေကြသည်။ (ဓာတ်ပုံ - တက်လမ်းစီမံကိန်း)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ စသည့် မြို့နယ် (၆) မြို့နယ်အတွင်း ရိတ်သိမ်းရန်အခက်တွေ့နေသည့် စပါးဧကပေါင်း ၁၂၀၀၀ ကျော်အထိရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

လက်ရှိတွင် စပါးရိတ်သိမ်းရန်အချိန် ရောက်ရှိနေပြီဖြစ်သော်လည်း အနီးအနားတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရိတ်သိမ်းရန်အခက်ခဲဖြစ်နေကြရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ ရိတ်သိမ်းဖို့အတွက် အနှောက်အယှက်တွေရှိတယ်လေ။ တိုက်ပွဲမရှိရင်တောင်မှ အဲဒီလယ်မြေတွေကိုသွားရင် ဖမ်းဆီးခံရမှာကိုကြောက်ကြတယ်။ ဟန့်တားတာတွေလည်းရှိတယ် ” ဟု ဦးကျော်ဇံက ဆိုသည်။

စပါးရိတ်သိမ်းရန်အခက်အခဲဖြစ်နေသည့် မြို့နယ်များထဲတွင် မြောက်ဦးမြို့နယ်သည် အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုသို့ စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသည့် မြို့နယ်များကို အစိုးရဘက်က ကူညီလုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်း ဦးကျော်ဇံကဆိုသည်။

“လက်ရှိအချိန်ထိ အစိုးရအနေနဲ့ လယ်သမားတွေ၊ ကိုယ်စားပြုတဲ့အဖွဲ့စည်းတွေနဲ့ ဆွေးနွေးတာ၊ တွေ့ဆုံတာ၊ မေးမြန်းတာတွေ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ လယ်သမားများမှာ မိမိနေရပ်ကိုစွန့်ခွာပြီး နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကာ မိမိတို့ စိုက်ပျိုးခဲ့သောစပါးများကို ရိတ်သိမ်းရန် လိုလားနေကြသည်။

“စပါးတွေက မှည့်နေကြပြီ။ မရိတ်ရဘူးဖြစ်နေတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စပါးရိတ်သိမ်းဖို့ အပြင်ကိုမထွက်ရဲတော့ဘူး။ လက်နက်ကြီးကျမှာကိုလည်း ကြောက်ရတယ်လေ။ ဒါကြောင့် လယ်သမားတွေ အခက်အခဲကို အစိုးရဘက်က တတ်နိုင်သမျှ ရိတ်သိမ်းခွင့်ရဖို့ ကူညီဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသမှ လယ်သမားများမှာ စပါးရိတ်သိမ်းနိုင်ရန်အတွက် အစိုးရဘက်က တစ်မြို့နယ်လျှင် ရိပ်သိမ်းခြွေလှည့်စက် တစ်လုံးစီကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“ရိတ်သိမ်းစက်ကတော့ တစ်မြို့နယ်ကို တစ်လုံးပေးထားတာရှိပါတယ်။ အဲဒါတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီးတော့ ရိတ်သိမ်းလို့ရပါတယ်။ မြို့နယ်ကပဲ လိုအပ်တဲ့တောင်သူတွေကို ကူညီပေးပါလိမ့်မယ်” ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်ကာ တိုက်ပွဲများကြောင့် လယ်ယာမစိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများလည်းရှိရာ ယခုအခါတွင် စိုက်ပျိုးပြီးလယ်ယာများမှာလည်း ရိတ်သိမ်းရန် အခက်အခဲကြုံနေရခြင်း ဖြစ်သည်။

ဗီဒီယိုများ