စစ်ကောင်စီမှသတ်မှတ်ပေးသည့် အခြေခံစပါးဈေးနှုန်းမှာ တောင်သူများ အရှုံးပေါ်နိုင်

စစ်ကောင်စီမှသတ်မှတ်ပေးသည့် အခြေခံစပါးဈေးနှုန်းမှာ တောင်သူများအတွက် အရှုံးပေါ်နိုင်သောနှုန်းထားဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်းက တောင်သူများမှ ဆိုကြသည်။

07 Oct 2021

ဓာတ်ပုံ -IRC တက်လမ်းအစီအစဉ်

DMG ၊ အောက်တိုဘာ ၇

စစ်ကောင်စီမှသတ်မှတ်ပေးသည့် အခြေခံစပါးဈေးနှုန်းမှာ တောင်သူများအတွက် အရှုံးပေါ်နိုင်သောနှုန်းထားဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်းက တောင်သူများမှ ဆိုကြသည်။

စစ်ကောင်စီက အခြေခံစပါးဈေး တင်း ၁၀၀ ကို ငွေကျပ် ၅၄၀၀၀၀ ဖြင့် ပေါက်ဈေးသတ်မှတ်ကြောင်း အောက်တိုဘာ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရသိရသည်။

အခြေခံစပါးများဖြစ်သည့် သီရိဒုံ၊ ကောက်ချေ၊ အိန္ဒိယဆန်ချေ စသည့်စပါးတင်း ၁၀၀ ကို အခြေခံပေါက်ဈေး ၅၄၀၀၀၀ သတ်မှတ်လိုက်ခြင်းမှာ တောင်သူများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်း မြောက်ဦးမြို့နယ် ဥက္ကဋ္ဌ ဦးစိုးနိုင်ကပြောသည်။

“စပါးတင်း ၁၀၀ က ကျနော်တို့ဒေသ တောင်းနဲ့ဆိုရင် စပါးတောင်း ၂၅၀ ရှိတယ်။ အခုသတ်မှတ်လိုက်တဲ့ ၅၄၀၀၀၀ ဈေးဆိုရင် တောင်း ၁၀၀ ကို နှစ်သိန်းကျော်လောက်ပဲရှိတယ်။ ကျနော်တို့ကတော့ စပါးတင်း ၁၀၀ ကို ၆ သိန်းကျော် ၇ သိန်းလောက်ရမှ အခုနှစ် လယ်ထဲမှာစိုက်ထားရတဲ့ ငွေတွေနဲ့ကာမိမယ်။ မဟုတ်ရင်တော့ လယ်သမားတွေ အကုန်လုံးအရှုံးပေါ်မယ်“ဟု ဆိုသည်။

လက်ရှိသတ်မှတ်လိုက်သည့် အခြေခံစပါးဈေးနှုန်းမှာ ၂၀၂၁ ခုနှစ်မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် အဓိကရည်ရွယ်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။
ယခုနှစ်စပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ ကို ငွေကျပ် ၆ သိန်းအထက်ရရှိမှ တွက်ခြေကိုက်နိုင်မည်ဟု တောင်သူများကဆိုကြသည်။

ယခုနှစ်တွင် ဓာတ်မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက်ခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းနှင့် စက်သုံးဆီဈေးနှုန်းများလည်း တက်နေသည့်အတွက် စပါးရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခဈေးတက်နိုင်သည်ဟု တောင်သူများကဆိုသည်။

ယင်းသို့အသုံးစရိတ်များဈေးမြင့်တက်ခဲ့သော်လည်း စပါးပေါ်ချိန်တွင် စပါးဈေးများကျဆင်းနေပါက တောင်သူများမှာ အသုံးစရိတ်မကာမိဘဲ အရှုံးပေါ်နိုင်သည်ဟု မြောက်ဦးမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်ကပြောသည်။

“အသုံးစရိတ် ဒီလောက်ဈေးတက်နေတဲ့ကြားထဲမှာ စပါးဈေးပါမရတော့ ဒီနှစ်တောင်သူတွေအရှုံးပေါ်မှာပေါ့။ ဘက်ပေါင်းစုံမှ အခက်အခဲဖြစ်မယ်။ ဒီကြားထဲ ဓာတ်မြေသြဇာတွေလည်း အလုံအလောက်မသုံးရတော့ စပါးမရမှာကိုလည်း စိုးရိမ်နေရသေးတယ်“ ၎င်းကဆိုသည်။

အဖက်ဖက်မှ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် တောင်သူလယ်သမားများမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်ပင် မလွယ်ကူတော့ကြောင်း ပြောဆိုသည်။

ကျောက်တော်မြို့နယ်မှ တောင်သူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်မိုးက “ကျနော်တို့လယ်သမားတွေမှာ အဖက်ဖက်က ဈေးနှုန်းတွေတက်နေတော့ လယ်လုပ်စားရမှာကိုတောင် စိတ်ပျက်လာတယ်“ဟု ဆိုသည်။

လက်ရှိ စစ်ကောင်စီက စပါးဈေးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီး ကော်မတီအစည်းအဝေးထိုင်ကာဆွေးနွေးလုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ဦးမျိုးမင်းအောင်က DMG သို့ ပြောသည်။

“အစိုးရက ဈေးမြှင့်တင်ပြီး ဝယ်ပေးရမယ့်အပိုင်းဘဲရှိတယ်လို့ ကျွန်တော်တို့မြင်တယ်။ လယ်သမားတွေကတော့ အရှုံးပေါ်နေတာကို မြေပြင်မှာလည်းတွေ့နေရပါတယ်။ ဒီကိစ္စ အသေးစိတ်ကိုတော့ ကော်မတီအစည်းအဝေးတွေထိုင်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ကာ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ကော်မတီအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်၊ ဘယ်လိုတိုက်တွန်းနှိုးဆော်သင့်တယ် ဆိုတာကို ဆွေးနွေးရပါဦးမယ်”ဟု ဦးမျိုးမင်းအောင်က ပြောကြားသည်။

လက်ရှိထုတ်ပြန်သည့် အခြေခံရည်ညွန်းဈေးနှုန်းဖြင့်ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးဖုန်း (၀၁-၂၃၀၁၁၂၈ ၊၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆)သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူများ စစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်ကိုသာစိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ