တပ်ကဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်တွေမြို့နယ်မှ ဒေသခံလေးဦး လွတ်‌မြောက်လာ

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာသား ၄ ဦးမှာ နိုဝင်ဘာလ (၄)ရက်နေ့၊ ညနေပိုင်း(၆)နာရီအချိန်ခန့်က နေအိမ်ကိုဘေးကင်းစွာ ရောက်ရရှိလာပြီဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

By နှင်းနွယ် 05 Nov 2020

နှင်းနွယ် ၊ DMG
နိုဝင်ဘာ ၅ ၊စစ်တွေ

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာသား ၄ ဦးမှာ နိုဝင်ဘာလ (၄)ရက်နေ့၊ ညနေပိုင်း(၆)နာရီအချိန်ခန့်က နေအိမ်ကိုဘေးကင်းစွာ ရောက်ရရှိလာပြီဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ဦးသာထွန်းလှ (၆၈)နှစ်၊ ဦးထွန်းကျော်လှိုင်(၅၀)၊ ဦးမောင်သိန်းချေ(ခ) ဦးဆိတ်တောင်းချေနှင့် ကိုကျော်ဝင်းချေတို့ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် ဦးသာထွန်းလှက “ကျနော်တို့ကို တပ်က ရေချမ်းပြင် ရဲစခန်းမှာ အပ်ထားခဲ့တယ်။ ပြီးတော့ ကျနော်တို့ရွာကအုပ်ချုပ်ရေးမှူးကိုခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့ကို ပြန်လွှတ်ပေးခဲ့ကြောင်းကိုပေါ့”ဟု ၎င်းကပြောသည်။

၎င်းတို့လေးဦးအား  တပ်ရင်း(၃၅၄)သို့ မျက်နှာစည်း၍ခေါ်ဆောင်သွားပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပတ်သက်မှုရှိ၊မရှိကို စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း သူကဆက်ပြောသည်။

“သူတို့(တပ်မတော်)က အေအေအဖွဲ့ကို ငွေထောက်ပံ့တာတွေရှိလားဆိုပြီး မေးမြန်းတယ်။ ရိုက်တာ၊ပုတ်တာတော့ မရှိဘူး။ ပုံမှန်တိုင်း အေးအေးဆေးဆေးမေးတာပါပဲ။ ဒါပေမယ့် ကျနော်တို့ထဲကတစ်ယောက်ကတော့ စကားအပြောအဆိုမတတ်လို့ တစ်ချက်အကန်ခံရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုဘာမှမဖြစ်ဘဲ အိမ်ကို ပြန်လာရတာ ဝမ်းသာပါတယ်’’ ဟု ဦးသာထွန်းလှဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ကားသုံးစီးဖြင့် ပလ္လင်ပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ အိမ်ထောင်စုစာရင်းများနှင့် နေအိမ်များကို မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်ခါနီး၌ ရွာသားလေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏တိုက်ပွဲကာလအတွင်း သံသယဖြင့် အရပ်သား ဖမ်းဆီးခံရမှုများမှာ နေ့စဉ်နှင့်အမျှတိုးလာနေပြီး ဖမ်းဆီးခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာသူများ လည်းရှိသလို မလွတ်ဘဲကျန်ရှိနေသူများလည်း အများအပြား ရှိနေသေးသည်။

DMGက ကောက်ယူထားသည့် စာရင်းအရ ၂၀၂၀ပြည့်နှစ်၊ ဇွန်လကနေ နိုဝင်ဘာလ(၅)ရက်နေ့ထိ သံသယဖြင့် ဖမ်းဆီးခံထားရသူ (၉၃)ဦးအထိ ရှိနေသည်။

ဗီဒီယိုများ