ဖမ်းဆီးထားသူများကို အပြန်အလှန်လွှတ်ပေးခြင်းဖြင့် စစ်တပ်နှင့် AA တို့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နိုင်ငံရေးသမားများ အကြံပြု

ရခိုင်ပြည်တွင် စစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာလာနေပြီး လက်နက်ကိုင်တပ်များကလည်း တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ဖမ်းဆီးခြင်းများကို ရခိုင် မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း ကျယ်ပြန့်စွာ တွေ့လာခဲ့ရသည်။

02 Jul 2022

ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်သားများ ဖမ်းဆီးထားသည့် ဒေသခံများကို စစ်တွေမြို့မ ရဲစခန်းသို့ ခေါ်လာပုံ။ (Photo - crd;)

DMG ၊ ဇူလိုင် ၂

ရခိုင်ပြည်တွင် စစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာလာနေပြီး လက်နက်ကိုင်တပ်များကလည်း တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ဖမ်းဆီးခြင်းများကို ရခိုင် မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း ကျယ်ပြန့်စွာ တွေ့လာခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့စတင်ကာ ယနေ့အချိန်ထိ စစ်တွေ၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်တို့မှ အရပ်သားများ နှင့် တက်ကြွလှုပ်ရှားသူ (၅၀) ဦးခန့်ကို စစ်ကောင်စီမှဖမ်းဆီးခဲ့သည်။

အလားတူ ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးနှင့် ရမ်းဗြဲတို့တွင် စစ်ကောင်စီ၏ လက်အောက်ခံ စစ်သား၊ ရဲသား၊ စရဖ စသည့် (၁၄) ဦးခန့်တို့ကို AA က ဖမ်းဆီးခဲ့ကြောင်း DMG ၏ မှတ်တမ်း များမှ သိရသည်။

ထိုသို့အပြန်အလှန်ဖမ်းဆီးမှုများရှိနေခြင်းမှာ စစ်တပ်နှင့် AA တို့ကြား အုပ်ချုပ်ရေးအာဏာကို အပြိုင်အဆိုင် ဖော်ထုတ်ပြနေခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝေဟင်အောင်က ရှုမြင်သည်။

“ဒါက အပြန်အလှန်ဖမ်းဆီး ပြတာလို့မြင်တယ်။ AA က ဒီဒေသမှာ စစ်တပ်နဲ့ ပတ်သက်တဲ့သူတွေကို အချိန် မရွေးဖမ်းဆီးနိုင်ကြောင့်ကို ပြသလို စစ်တပ်ကလည်း AA ရဲ့ လူထုတွေကို မချိန်မရွေးပြန်ပြီး ခြိမ်းခြောက်နိုင်တဲ့ ပုံစံမျိုးကို ပြတယ်လို့ မြင်တယ်။ ဒီကြား ထဲမှာ စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးမယ်။ AA ဘက်ကလည်း လွှတ်ပေးမယ်ဆိုရင် ငြိမ်းချမ်းရေးကို ထပ်ပြီးသွားမယ့် သဘောရှိတယ်။ နှစ်ဖက်စလုံးက စစ် ဖြစ်မယ့် အရိပ် အယောင်ကို မပြဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့အုပ်ချုပ်ရေးအာဏာကို အပြိုင်အဆိုင် အပြန်အလှန်  ဖော်ထုတ်ပြတယ်လို့မြင်တယ်” ဟု သူက ပြောသည်။

AA ဘက်ကတော့ မြန်မာစစ်တပ်သည် မိမိတို့၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်း တို့ကို ဝင်ရောက် နှောက်ယှက်မှုများရှိခြင်း၊ မိမိတို့အဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိသောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရခိုင်ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ AA နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခြင်းမျိုး မရှိဟုဆိုသည်။ သို့သော် လုံခြုံရေးနှင့်ပတ်သက်လာလျှင် အုပ်ချုပ်ရေး ယန္တရားများတွင် နှောက်ယှက်ခြင်းများကို တည်ဆဲ ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် BBC သတင်းဌာနတွင်ဖြေဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် အရပ်သား ၅၀ ဦးခန့်ထဲမှ ၁၅ ဦးမှာပြန်လည်လွှတ်မြောက် လာပြီး ကျန်ရှိသည့်အရပ်သားများမှာ ဆက်လက်ထိန်းသိမ်းခံထားရသည်။

ဖမ်းဆီးခံထားရဆဲဖြစ်သည့် အရပ်သားများထဲမှ စစ်တွေဒေသခံနှစ်ဦးကို မှောင်ရိပ်ခိုမှုဖြင့် ထောင်ဒဏ်၁ လ ချမှတ်လိုက်သလို ကျောက်တော်ဒေသခံ သုံးဦးကိုလည်း နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် စစ်ကောင်စီမှ အမှုဖွင့်ထားသည်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမှန်တကယ်သက်ဆိုင်သည့်သူများကို တစ်ဖက်နှင့်တစ်ဖက် အရေးယူဖမ်းဆီးခြင်းများကို မပြောလိုသော်လည်း အပြစ်မဲ့အရပ်သားပြည်သူများ ဖမ်းဆီးခံရခြင်းမှာ မဖြစ် သင့်သော ကိစ္စဖြစ်သည့်အတွက် အများပြည်သူများထိခိုက်နစ်နာမှုမရှိရအောင် အဖြေရှာသင့်ကြောင်းလည်း  ရခိုင်အမျိုးသားပါတီ(ANP) ပါတီခေါင်းဆောင်တို့က ပြောသည်။

ANP  ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းအောင်ကျော်က  “ လက်နက်ကိုင်တိုက်ပွဲတွေကလည်း နှစ်ချီပြီး တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ခဲ့ကြပြီဖြစ်တယ်။ ဒီတိုက်ပွဲတွေဟာ ပြီးဆုံးသွားမယ်လို့မထင်ဘူး။ ဒါကြောင့် အများပြည်သူအတွက် မထိခိုက်မနစ်နာရအောင် ဘယ်လိုစဉ်းစားပြီး ညှိနှိုင်းဆွေးနွေးကြမှာလဲ။အဓိကတော့ မိမိလိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့က အရေးကြီးတယ်။ မိမိလိုရာခရီးကို သွားတဲ့နေရာမှာ ဒီလမ်းတစ်လမ်းတည်းမဟုတ်ဘဲနဲ့ အခြားလမ်းကသွားလို့ ရတာတွေရှိသလို အခုလို မိမိလိုရာ ခရီးကိုလျှောက်တဲ့အခါမှာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းဖြင့်လည်း အများ ပြည်သူသက်သာရာ သက်သာတဲ့ နည်းလမ်းတွေနဲ့လည်း ရသွားနိုင်တယ်လို့မြင်တယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ဒုတိယတပ်မတော်ကာကွယ်ရေးစီးဦးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရခိုင်ပြည် အတွင်းက စစ်တွေနှင့် ဘူးသီးတောင်တပ်နယ်များသို့ သွားရောက်ခြင်းများရှိခဲ့သည်။ ထိုခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်သားများကို တိုက်ပွဲဝင်ရန်အသင့်ရှိမည်ဟုပြောဆိုခဲ့ပြီး နောက်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တို့ကြား အပြန်အလှန်ဖမ်းဆီးခြင်းများနှင့် စစ်ရေးတင်းမာလာခြင်း ဖြစ်သည်။

ထိုသို့ အပြန်အလှန်ဖမ်းဆီးမှုများကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်ရပြီး လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက် မှုများလည်းဖြစ်သဖြင့် စားဝတ်နေရေးလည်းကျပ်တည်းလာသည်ဟု ဒေသခံများကဆိုကြသည်။ယင်းအပြင် AA နှင့်စစ်တပ်တို့ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။

ထို့ကြောင့် ဖမ်းဆီးထားသူများကို အပြန်အလှန်လွှတ်ပေးခြင်းဖြင့် မြန်မာစစ်တပ်နှင့် AA တို့ကြား နားလည်မှု ယူပြီး ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်သင့်ကြောင်း ရခိုင်လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်က ပြောသည်။

“အဲဒီလိုဖမ်းနေမယ့်အစား အပြန်အလှန်နားလည်မှု ယူပြီး ၂၀၂၀ ပတ်ဝန်းကျင်လောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိခဲ့တဲ့ အခြေအနေပုံစံမျိုး အပြန်အလှန် ယုံကြည်မှုတွေတည်ဆောက်သင့်တယ်။ AA ဘက်ကလည်း စစ်တပ် ဘက်က လွှတ်ပေးမယ်ဆိုရင် သူတို့ဘက်ကလည်းလွှတ်ပေးမယ်လို့ ပြောထားတယ်။ AA ဘက်ကလည်း သူတို့ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးမယ်။ စစ်တပ်ဘက်ကလည်း ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေး မယ်ဆိုရင် အပြန်အလှန်ယုံကြည်မှု တည်ဆောက်လို့ရပြီ ”ဟု သူက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း သူတို့၏တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုလည်း ပြန်လည်လွှတ်ပေးမည်ဖြစ် ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။ ထိုသို့ AA ဘက်က ပြောဆိုခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီမှတစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုခြင်းမရှိသေးပေ။

တစ်ဖက်တွင် ရက္ခိုင့်တပ်တော် (UL/AA)သည် စစ်ကောင်စီမှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိခဲ့ပေ။ စစ်ကောင်စီကိုတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပထမဆုံးအကြိမ် အွန်လိုင်းမှ ဆွေးနွေးခြင်းများရှိခဲ့သည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ၂ နှစ်ကြာ ပြင်းထန်းစွာဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် နှင့် AA တို့၏ တိုက်ပွဲများသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် နားလည်မှုဖြင့် ရပ်တန့် နိုင်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ဖမ်းဆီးခြင်းများဖြင့် စစ်ရေးတင်းမာ လာခြင်းဖြစ် သည်။

ဗီဒီယိုများ