တပ်မတော်ရေယာဉ်ပေါ်တွင် နှိပ်စက်ခံခဲ့ရသည့် အမျိုးသား ၅ ဦးကို အကြမ်းဖက်ဥပဒေနှင့် တရားစွဲတင်

တပ်မတော်ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်မှုကိုခံခဲ့ရသည့် ရခိုင်အမျိုးသား ၅ ဦးကို မေလ ၂၂ ရက်နေ့တွင် ပုဏ္ဏားကျွန်းရဲစခန်းမှခေါ်ဆောင်လာပြီး စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

23 May 2020

အောင်ထိန်၊ မင်းထွန်း | DMG
မေ ၂၃ ၊ စစ်တွေ

တပ်မတော်ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်မှုကိုခံခဲ့ရသည့် ရခိုင်အမျိုးသား ၅ ဦးကို မေလ ၂၂ ရက်နေ့တွင် ပုဏ္ဏားကျွန်းရဲစခန်းမှခေါ်ဆောင်လာပြီး စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ယင်းအမျိုးသား ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နှင့် မေလ ၂၂ ရက် နေ့တွင် တရားစွဲတင်လိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG သို့ပြောသည်။

တရားစွဲခံရသူများမှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် ၂၄ နှစ်၊ ကိုအောင်မျိုးလင်း ၂၄ နှစ်၊ ကိုမောင်ချေ ၂၄ နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး ၃၈ နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း ၂၂ နှစ်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် (၃၃)ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၅ ဦးကို ဆက်လက်ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။

ထို ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး ပုဏ္ဏားကျွန်းမြို့ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) စသည့်ပုဒ်များနှင့် ဧပြီလ ၂၃ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့သည်။

ယခုကဲ့သို့ အမှုဖွင့်ခံရပြီး ဧပြီလ ၂၇ ရက်နေ့တွင် ၎င်းတို့ ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှနေ၍ တပ်မတော် ကားတစ်စီးနှင့် ခေါ်ထုတ်သွားသည်ကို မြင့်တွေ့လိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းနောက်ပိုင်းတွင် အမျိုးသား ၅ ဦးကို တပ်မတော်သားများက ရေယာဉ်ပေါ်တွင်ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်မေးမြန်းနေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့သည်။ တပ်မတော်မှ အဆိုပါ ဖြစ်စဉ်မှာ မှန်ကန်ပြီး ဥပဒေနှင့်မညီလျော်သည့် စစ်ဆေးမှုများရှိခဲ့သည်ဟု ဝန်ခံထားသည်။

ထိုသို့ နှိပ်စက်ခံရသည့်အထဲတွင် ကိုကျော်ဝင်းဟိန်းမှာ ညှဉ်းပမ်းနှိပ်စက်ခံရသော ဒဏ်ရာများကြောင့် ရင်ဘက်အောင့်ပြီး လက်ရှိအချိန်ထိ ဆေးကုသခံယူနေရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

“ကျမသားလေးက သူ့ကို ဗုံးခိုကျင်းထဲကို ကန်ချလိုက်တယ်လို့ပြောတယ်။ ပြီးတော့ မြေတွေနဲ့ဖုံးပြီး လည်ပင်း တစ်ပိုင်းတည်းကို ဖော်ထားတယ်လို့ပြောတယ်။ ကျမသားလေးက ဆရာတို့သတ်ရင်လည်း သေရမှာပဲ၊ ကျနော် တို့မှာ အပြစ်မရှိဘူးလို့ပြောတော့ သူတို့ကဆွဲတင်တယ်လို့ ပြောတယ်။ ပြီးတော့ ငရုတ်သီးကြိတ်တဲ့ကျောက်နဲ့ရိုက်လို့ ခေါင်းကွဲသွားတယ်။ မနေ့ကလည်း ဆေးကုရတယ်။ ရင်ဘတ်တွေလည်းအောင့်လို့ ဆေးထိုးထားရတယ်” ဟု ဒေါ်ခင်ညွှန့်ယဉ်က ပြောသည်။

ယခုဖမ်းဆီးခံရသူများသည် နေအိမ်အတွင်းရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့မှာ အပြစ်လည်းမရှိဟု ဦးပညာဝံသက မိန့်သည်။

“သူတို့ ကဘာမှအပြစ်မရှိဘဲ ကိုယ့်အိမ်မှာကိုယ်နေလို့ အဖမ်းခံခဲ့ရတာ။ ရွာထဲကိုဝင်ပြီးတော့ အိမ်တိုင်လာရောက် ဖမ်းတာ။ သူတို့က ထွက်မပြေးဘူး။ ထွက်ပြေးရင် ပစ်မှာစိုးလို့ ကိုယ့်အိမ်မှာ အေးဆေးနေကြတယ်။ သူတို့ဝင်ပြီး ဖမ်းတာ။ ဖမ်းပြီးတော့ အုပ်ချုပ်ရေးမှူးအိမ်ကို ယူသွားကြတယ်”ဟု ဦးပညာဝံသက မိန့်ကြားသည်။

ပုဏ္ဏားကျွန်းရဲစခန်းတွင် ချုပ်ရမန်နှင့် ချုပ်နှောင်ထားသည့် အချုပ်သား ၅ ဦးကို အမှတ် (၅၅၀)ခြေမြန်တပ်ရင်းမှ ခေါ်ဆောင်သည်နှင့်ပတ်သက်ပြီး မည်သူခွင့်ပြုချက်နှင့် ခွင့်ပြုပေးသည်ကို သိရှိလိုကြောင်းနှင့် တရားရုံး၏ ချုပ်ရမန်နှင့် ချုပ်နှောင်ထားသည့် တရားခံများကို တရားရုံးမှ ခွင့်ပြုချက်မရှိဘဲ ယခုကဲ့သို့ ရဲစခန်းမှလွှဲပြောင်း ပေးနိုင်ခြင်း ရှိ/မရှိမေးခွန်းကို မေလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က မေးမြန်းခဲ့သည်။

“ဒီရမန်ကာလအတွင်းမှာ တရားခံငါးဦးကို အချုပ်ထဲမှာထည့်ထားတယ်။ ထည့်ထားတော့ ရဲစခန်းသွားပို့တယ်။ ကျနော်သိသလောက်ကတော့ စစ်ဆေးစရာရှိရင် လုံခြုံမှုရှိတဲ့နေရာတစ်ခုမှာ စစ်ဆေးလို့ရပါတယ်။ ဒါပေမယ့် တရားခံငါးဦးကို ရမန်ကာလအတွင်းမှာ စစ်ဆေးစရာရှိတယ်ဆိုပြီး ရဲစခန်းက ခေါ်ထုတ်သွားတယ်ဆိုတာ ဒီဥပဒေ ပုဒ်မနဲ့ပတ်သက်ပြီး ဘယ်ဥပဒေပုဒ်မကိုကာကွယ်ပေးပြီးတော့ ထုတ်ယူခွင့်ရှိပါသလဲ” ဟု ဦးအောင်သန်းတင်က မေးမြန်းခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ယခုကဲ့သို့စစ်ဆေး မေးမြန်းခြင်းသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၅၆ (၁)၊ (၂)နှင့်အညီ စုံစမ်းထောက်လှမ်းစစ်ဆေးဖော်ထုတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပုဒ်မ ၁၅၆ (၁) နဲ့ (၂)ပါ။ အဲဒီပုဒ်မတွေမှာ မည်သည့်ရဲတပ်ဖွဲ့စခန်းမှူးမဆို ၎င်း၏ရဲစခန်းနယ်မြေအတွင်းရှိ နေရာ ဒေသကို စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးက စုံစမ်းစစ်ဆေးရန်(သို့မဟုတ်) စစ်ဆေးစီရင်ရန်နေရာနှင့် စပ်လျဉ်းသော အခန်း(၁၅)ပါ ပြဋ္ဌာန်းချက်အရ စုံစမ်းစစ်ဆေးပိုင်ခွင့်(သို့မဟုတ်) စစ်ဆေးစီရင်ပိုင်ခွင့်ရှိသော မည်သည့်ရဲအရေးယူပိုင်ခွင့်ရှိသော အမှုမျိုးကိုမဆို ရာဇဝတ်တရားသူကြီးတစ်ဦး၏ အမိန့်မရရှိဘဲ စုံစမ်း ထောက်လှမ်းနိုင်ပါတယ်။ ပုဒ်မ ၁၅၆ (၂)ကတော့ ဤအမှုမျိုးတွင် ရဲအရာရှိတစ်ဦး၏ ဆောင်ရွတ်ချက်နဲ့ စပ်လျဉ်း၍ ဤပုဒ်မအရ စုံစမ်းထောက်လှမ်းရန် ရဲအရာရှိတွင် အာဏာမရှိသောအမှုဖြစ်သည်ဟူသော အကြောင်း ပြချက်ဖြင့် မည်သည့်အဆင့်တွင်မျှ မခိုင်လုံဟုငြင်းဆိုခြင်းမပြုရလို့ ဖြေကြားလိုပါတယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

အချုပ်သား ၅ ဦးကို ရေယာဉ်ပေါ်တွင်နှိပ်စက်စစ်ဆေးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စစ်စည်းကမ်းဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဟု တပ်တော်ကထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်နှင့် တရားစွဲဆိုခံထားရသည့် ၎င်းအမျိုးသား ၅ ဦးကို လာမည့် ဇွန်လ (၅) ရက် နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဗီဒီယိုများ