ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်

“ဒုက္ခသည်တွေကတော့ ပါလာတဲ့ ပစ္စည်းတွေ မရှိရှိတာလေးတွေကို ရောင်းချစားသောက်နေကြရတယ်။ ဘာမှမရှိတဲ့လူတွေမှာတော့ သင်းပုန်းတန်း၊ ဖားကြွယ်ရွာတွေက လယ်သမားတွေဆီက စပါးချေးပြီး စားသောက်နေကြတယ်”

02 Nov 2019

 

ခိုင်ရိုးလ|DMG

နိုဝင်ဘာ ၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ ဖားကြွယ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင်  စားနပ်ရိက္ခာများ ပြတ်လပ်နေသည်မှာ (၁)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးသန်းမြင့်က ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၃၀၀) ခန့်ခိုလှုံနေခြင်းဖြစ်ပြီး စားနပ်ရိက္ခာ ပြတ်လပ်နေသောကြောင့် မိမိတို့တွင်ပါလာသည့် ရွှေ၊ ငွေပစ္စည်းအချို့ကိုရောင်းချကာ စားသောက်နေရသကဲ့သို့ လယ်သမားများထံက စပါးများချေးငှားကာ စားသောက်နေရသည်ဟု ဦးသန်းမြင့်က ပြောသည်။

“ဒုက္ခသည်တွေကတော့ ပါလာတဲ့ ပစ္စည်းတွေ မရှိရှိတာလေးတွေကို ရောင်းချစားသောက်နေကြရတယ်။ ဘာမှမရှိတဲ့လူတွေမှာတော့ သင်းပုန်းတန်း၊ ဖားကြွယ်ရွာတွေက လယ်သမားတွေဆီက စပါးချေးပြီး စားသောက်နေကြတယ်” ဟု ၎င်းဆိုသည်။

ယင်းစစ်ဘေးရှောင်စခန်းကို အစိုးရအပြင် အရပ်ဖက်အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုမရှိသောကြောင့် စက်တင်ဘာလကုန်ပိုင်းက စတင်ကာ လက်ရှိအချိန်ထိ စားနပ်ရိက္ခာပြတ်တောက်နေခြင်းဖြစ်သည်။

“အခုအချိန်မှာ ဒုက္ခသည်တွေက တောင်ယာထဲကို ဝါးခုတ်သစ်ခုတ်လည်းမသွားရဲကြဘူး။ မိုင်းနင်းမိမှာကိုလည်း စိုးရိမ်ရတယ်။ ပတ်ဝန်းကျန်တောင်တန်းတွေမှာ တိုက်ပွဲဖြစ်တာတွေ လက်နက်ကြီးကျည်တွေ ကျရောက်တာတွေလည်း ရှိနေတယ်” ဟု ဦးသန်းမြင့်က ပြောသည်။

ထို့ကြောင့် အစိုးရနှင့်အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများကိုလိုလားနေကြပြီး နိုင်ငံတကာအဖွဲ့အစည်း များကိုလည်း လွတ်လပ်စွာကူညီထောက်ပံ့ခွင့်ပြုရန် စစ်ဘေးရှောင်များမျှော်လင့်နေကြသည်။

ယင်းစစ်ဘေးရှောင်များမှာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းကစတင်ကာ ဖရုံပေါက်၊ အဝိုင်းတောင်၊ နတ်သရွေး၊ မောင်နှမနှင့် သပြုပ်ချောင်းကျေးရွာတို့မှ ထွက်ပြေးလာကြသူများဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို အစိုးရက သွားရောက်ခွင့်ပိတ်ပင်ထားသောကြောင့် ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရခြင်းဟု စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသည့် ဆရာတော်သဘာဝနဒီက ထောက်ပြသည်။

“ဒေသခံ လူမှုအဖွဲ့စည်းတွေကလည်း အင်တာနက်ဖြတ်တောက်ခံရပြီးနောက်မှာ  တဖြည်းဖြည်း ကူညီထောက်ပံ့မှုတွေ နည်းပါးသွားတယ်။ အခုတော့ ရိက္ခာပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပြီ” ဆရာတော်က ဆက်လက်မိန့်သည်။

ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးနှင့်မင်းပြားမြို့နယ်တို့ကိုအစိုးရက ဇွန်လကစတင်ကာ အင်တာနက် ဖြတ် တောက်ထားသည်။အင်တာနက်ဖြတ်တောက်ထားမှုကြောင့် စစ်ဘေးရှောင်များ၏ သတင်းအချက်အလက်များ ကို မရရှိသဖြင့် ကူညီရန်အခက်အခဲရှိနေကြသည်ဟုလည်း ကူညီရေးအဖွဲ့များကပြောဆိုကြသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၆၄၀၀၀)ကျော်အထိရှိသည် ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ကပြောသည်။ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည် မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

ဗီဒီယိုများ