ရခိုင်ကစစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီမှ ဆန်ထောက်ပံ့မှုရပ်ထား

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအသီးသီးရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ဆန်ထောက်ပံ့မှုရပ်တန့်လိုက်သောကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရသည်။

26 Mar 2022

DMG ၊ မတ် ၂၆

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအသီးသီးရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ဆန်ထောက်ပံ့မှုရပ်တန့်လိုက်သောကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရသည်။

မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံနှင့် ရသေ့တောင်မြို့နယ်တို့ရှိ စစ်ကောင်စီအသိအမှတ်ပြု စစ်ဘေးရှောင်စခန်းများကို ပြီးခဲ့သည့်တစ်လ၊ နှစ်လခန့်မှစတင်ကာ စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့မှုရပ်တန့်ထားခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။

မင်းပြားမြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းသည် စစ်ကောင်စီမှထောက်ပံ့သည့် ဆန်ရိက္ခာတစ်ခုတည်းဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ ထောက်ပံ့မှုရပ်ဆိုင်းလိုက်သောကြောင့် ရပ်တည်ရေးခက်ခဲသွားသည်ဟု စစ်ဘေးရှောင် ဒေါ်လှယိုင်ဦးက DMG သို့ပြောသည်။

“အခက်အခဲကျတော့ ကျမတို့ကစားနပ်ရိက္ခာအခက်အခဲနဲ့ တကယ်ကြုံနေရတာပါ။ အရင်ကလည်းချေးပြီး စားထားတာတွေကို မဆပ်နိုင်တော့ဘူး။ အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်။ ရှိတာတွေကို သွားရောင်း၊ အကုန်လုံး ပရမ်းပတာတွေဖြစ်နေကြပါပြီ”ဟု ၎င်းကဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်လည်း ဆန်ရိက္ခာထောက်ပံ့မှုမရှိသောကြောင့် မိမိလုပ်အားခဖြင့်ရရှိသည့် ဝင်ငွေနှင့်ထွက်ငွေ မလောက်ငှဘဲဖြစ်နေသည်ဟု မခင်စောနွယ်ကပြောသည်။

“ဆန်တွေလည်းမရတော့ စားရေးသောက်ရေး အခက်ကြုံတော့အပြင်ထွက်ပြီးအလုပ်လုပ်ရတယ်။ ငွေငါးထောင်၊ခြောက်ထောင်လောက်ပဲရတယ်။ အဲဒါတွေနဲ့ ခက်ခက်ခဲခဲစားသောက်နေရတယ်။ ၅ထောင်၊ ၆ထောင်ရရင်လည်း မိသားစုကများတော့ ထမင်းတစ်နပ်မစားရဘူး”ဟု ၎င်းကဆိုသည်။

ဆန်ထောက်ပံ့မှုမရရှိသောကြောင့် စားရေးသောက်ရေးအခက်ကြုံတွေ့နေရပြီး တခြားသူများထံမှ ချေးငှားသုံးစွဲနေရသည်ဟု  မြောက်ဦးမြို့၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံဦးညိုသာဦးက DMG သို့ပြောသည်။

“ဆန်ကမရတော့ စားရေးသောက်ရေးက လုံးဝအဆင်မပြေဘူး။ ချေးပြီးငှားပြီးစားရတယ်။ ရှိတာတွေရောင်းချပြီးစားရတယ်၊ အဆင်မပြေပါဘူး။ အလုပ်လုပ်ဖို့အတွက်လည်း တောတောင်တွေကို ထင်းခုတ်ဖို့သွားလည်း စစ်သားတွေရှိတော့ လုံးဝသွားလို့မရဘူး။အခုဘေးတွဲရှိတဲ့သူမှာတော့ ဘေးတွဲမောင်းကြတယ်၊ မရှိဆင်းရဲတဲ့သူတွေမှာတော့ အလုပ်မရှိ၊ အဆင်မပြေဘူးပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီထံမှ ဆန်ထောက်ပံ့မှုမရှိသောကြောင့် WFP မှထောက်ပံ့သည့်ငွေ ၁၆၀၀၀ ကျပ်ကို အကြွေးဆပ်လိုက်ရသဖြင့် ယခုကာလတွင် ဆန်နှင့်တခြားစားနပ်ရိက္ခာများကို အကြွေးဝယ်ယူစားသောက်နေရသည်ဟု စစ်တွေမြို့နယ် အုန်းရေပေါ်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစံထွီးသို့ပြောသည်။

စစ်ဘေးရှောင်များကို ဆန်ထောက်ပံ့မှုမရှိသောကြောင့် စစ်ဘေးရှောင်များ အခက်အခဲဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေမှူး ဦးသူရိန်ထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ပြည်သူအမြောက်အများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိတိုက်ပွဲရပ်တန့်နေသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ခြောက်သောင်းကျော်ခန့် ကျန်ရှိနေသေးသည်။

ဗီဒီယိုများ