အမှုကို လေ့လာနေသည်ဟုဆိုကာ ကျောက်ဆိပ်ရွာသား ၅ ဦးအမှုကို အမိန့်ချမည့်ရက် ထပ်ရွှေ့ဆိုင်း

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲ ဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၅)ဦး၏အမှုကို ယနေ့(ဇွန်လ ၁ ရက်)နေ့တွင် စစ်တွေခရိုင်တရားရုံးကမှ အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် ထပ်မံရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

01 Jun 2022

DMG ၊ ဇွန်  ၁

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲ ဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၅)ဦး၏အမှုကို ယနေ့(ဇွန်လ ၁ ရက်)နေ့တွင် စစ်တွေခရိုင်တရားရုံးကမှ အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် ထပ်မံရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

“ဒီနေ့အမိန့်ချဖို့အတွက် တရားရုံးက အဆင့်သင့်မဖြစ်သေးတာကြောင့် ဇွန်လ ၁၅ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်။ တရားရုံးက အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူး။ အမှုတွေကို လေ့လာနေတယ်လို့ပြောတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က DMG သို့ပြောသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့စွဲဆိုထားသည့်အမှုမှာ သက်သေများအားလုံးကိုစစ်ဆေးပြီးဖြစ်၍ အမိန့်ချမှတ်ရန်သာကျန်ရှိတော့သည်။ သို့သော် အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းနေသည့်အတွက် တရားရင်ဆိုင်နေရသူများမှာ နစ်နာမှုရှိသည်ဟု မိသားစုဝင်များကပြောသည်။

“ပိုက်ဆံမရှိလို့ မိသားစုဝင်တွေ တစ်ယောက်မှမလာနိုင်တော့ဘူး။ သူတို့ အမိန့်ချမယ်ဆိုတာကိုလည်း မယုံကြည်တော့လို့ပါ”ဟု ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးကပြောသည်။

ကျောက်ဆိပ်ကျေးရွာသား(၅)ဦးကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း ဝင်ရောက်လာသည့် မြန်မာစစ်တပ်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာပြီလည်းဖြစ်သည်။

၄င်တို့ ၅ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံရစဉ်အတွင်း စစ်ရေယာဉ်ပေါ်တွင် စစ်သားများ၏ ထိုးကြိတ်၊ကန်ကျောက် နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသည်။

လက်ရှိတွင် AA နှင့်ဆက်စပ်သံသယဖြင့် တရားရုံးအသီးသီးတွင် တရားရင်ဆိုင်နေရသူ ၇၀ ဦးခန့်ရှိနေသေးကြောင်း စာရင်းကောက်ယူထားသည့် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

ဗီဒီယိုများ