စားနပ်ရိက္ခာအကျပ်အတည်းဖြစ်နေသည့်ပလက်ဝသို့ ဆန်အိတ် ၁၇၀၀ ပို့ဆောင်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဆန် ၁၇၀၀ အိတ်နှင့် အခြားစားနပ်ရိက္ခာများကို ချင်းပြည်နယ်အစိုးရ အဖွဲ့ကဦးဆောင်ပြီး အောက်တိုဘာ (၁၂)ရက်ကစ၍ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

By ဉာဏ်ဟိန်း 13 Oct 2020

Photo Crd : CHIN IDP Support Committee

ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၁၃ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဆန် ၁၇၀၀ အိတ်နှင့် အခြားစားနပ်ရိက္ခာများကို ချင်းပြည်နယ်အစိုးရ အဖွဲ့ကဦးဆောင်ပြီး အောက်တိုဘာ (၁၂)ရက်ကစ၍ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်အိတ်များနှင့် အခြားစားနပ်ရိက္ခာပစ္စည်းများကို ကုန်တင်ကား ၁၉ စီးဖြင့် ပို့ဆောင်နေရာ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများရှိနေသည့်အတွက် ပလက်ဝသို့ မရောက်သေးခြင်းဖြစ်‌ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာ‌ရေးဝန်ကြီး ဦးစိုးထက်က DMG သို့ ပြောသည်။

“မနေ့ကစပို့တာ၊ ဒါပေမဲ့ လမ်းပန်ဆက်သွယ်ရေးအခက်အခဲတွေနဲ့ လုံခြုံရေးအခြေအနေတွေဖြစ်နေတဲ့အတွက် ပလက်ဝကိုမရောက်သေးဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ ရောက်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ယင်းဆန်များနှင့် စားနပ်ရိက္ခာတို့ကို ဒေသခံများနှင့် စစ်ဘေးရှောင်စခန်းတို့တွင် အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိ ပလက်ဝမြို့တွင် စားနပ်ရိက္ခာများပြတ်တောက်နေသည့်အတွက် ဒေသခံများမှာ အခက်အခဲနှင့် ကြုံနေရကြောင်း ပလက်ဝဒေသခံ ကိုတင့်ထွန်းအောင်က DMG သို့ပြောသည်။

“အဲဒီဆန်တွေရောက်မယ့်လို့တော့ ပြောသံကြားတယ်။ ဒါပေမဲ့ မရောက်လာသေးဘူး။ အခုကျွန်တော်တို့ ပလက်ဝဖက်မှာ ဆန်တွေကအကုန်လုံးနီးပါး ပြတ်လပ်နေတော့ စားဝတ်နေရေး အကျပ်အတည်းဖြစ်နေတယ်။ တချို့မိသားစုတွေဆိုရင် ဆန်ရှာမရတဲ့အတွက် ခေါက်ဆွဲတွေစားနေရတာတွေလည်းရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် တိုက်ပွဲများကြောင့် အသွားအလာကန့်သတ် ထားသည့် အတွက် စားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းမှာ အဆမတန်မြင့်တတ်သွား၍ ဒေသခံများ အခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ဗီဒီယိုများ