စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အာမခံချက်ပေးရန် တောင်းဆို

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများမှာ နေရပ်ပြန်နိုင်ရေးအတွက် အာမခံချက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

By အောင်ထိန် 21 Jan 2021

အောင်ထိန် | DMG
ဇန်နဝါရီ ၂၁ ၊ စစ်တွေ

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများမှာ နေရပ်ပြန်နိုင်ရေးအတွက် အာမခံချက်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ နှစ်လကျော်အထိ ရှိနေပြီဖြစ်သော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာခြင်းမျိုးမဟုတ်ဘဲ နှစ်ဖက်နားလည်မှုဖြင့် ရပ်တန့်နေခြင်းသာ ဖြစ်သည်။

ယင်းကြောင့် တိုက်ပွဲပြန်မဖြစ်နိုင်သည့် အာမခံချက်မရှိသေးခြင်းကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အခုအပစ်အခတ်ရပ်စဲထားတာ နှစ်လကြာပေမယ့်လည်း ကျွန်တော်တို့ ဘာမှအယုံအကြည်မရှိဘူး။ အပစ်အခတ်ရပ်စဲထားတာက အခိုင်အမာ မရတာကြောင့် ကျွန်တော်တို့ ကိုယ့်အိမ်ကိုမပြန်ရဲသေးဘူး။ ကျွန်တော်တို့ရွာပြန်မယ်ဆိုရင် တာဝန်ယူမှု၊တာဝန်ခံမှုတစ်ခုတော့ လုပ်ပေးဖို့လိုတယ်။ ဒါမှ ကျွန်တော်တို့ ပြန်မယ်” ဟု ကျောက်တော်မြို့နယ် သိန်းချောင်းကျေးရွာမှ စစ်ဘေးရှောင်တိမ်းလာသည့် ဦးမောင်လှက ပြောသည်။

တိုက်ပွဲရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောဆိုထားသည်။

ယင်းသို့ စစ်ဆေးရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးများ ပါဝင် ဖွဲ့စည်းထားသော အဖွဲ့များမှ နေရပ်ပြန်လိုသူများနှင့် နေရပ်မပြန်လိုသူများကို ခွဲသွားမည်ဖြစ်ကာ မည်သည့် နေ့တွင်စစ်ဆေးမည်ကို မသိသေးကြောင်း ဗိုလ်မှူးကြီးမင်းသန်းကဆိုသည်။

နိုင်ငံတော်အကြီးအကဲများအနေဖြင့် အေအေကိုဖိတ်ခေါ်ပြီး နှစ်ဖက်ခိုင်ခိုင်မာမာနှင့် လက်မှတ်ထိုးခြင်းမျိုး မဟုတ်သေးသည့်အချိန်တွင် ရွာပြန်နိုင်မည်မဟုတ်ကြောင်း မြေပုံမြို့ပေါ်ရှိ အငူရွာသစ် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဦးထွန်းဖြူက ပြောသည်။

“နှစ်ဖက်နားလည်မှုယူပြီးတော့ ခိုင်မာတဲ့စာချုပ်စာတမ်းတစ်ခုနဲ့ နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေက အေအေကို ငြိမ်းချမ်းအတွက်ခေါ်ယူပြီးတော့ နှစ်ဖက်လက်မှတ်ထိုးတာမျိုး ခိုင်ခိုင်မာမာနဲ့မဟုတ်သမျှ ကျွန်တော်တို့ ရွာပြန်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ ယူဆထားတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်မပြန်နိုင်သေးသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ မိုင်းအန္တရာယ် စိုးရိမ်ချက်ဖြစ်သည်။

စစ်ကျန်မြေမြှုပ်မိုင်းများကြောင့် သေဆုံးဒဏ်ရာရရှိသူများ၊ ခြေလက်အင်္ဂါဆုံးရှုံးရသူများ တစ်နေ့တခြား များပြားလာနေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုများရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းက မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၅၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့သည်။ ၂၀၂၀ ခုနှစ်အတွင်းတွင် မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုဖြစ်စဉ် ၆၁ ကြိမ်အထိရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦးအထိ တိုးလာခဲ့ကြောင်း အစိုးရ၏စာရင်းများအရ သိရသည်။

ယင်းအထဲတွင် ကလေးသူငယ်ထိခိုက်ခံစားရသည့် အရေအတွက်မှာ ၂၀၁၉ ခုနှစ်တွင် ၁၇ ဦးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆၄ ဦးအထိ မြင့်မားလာသည်ကိုတွေ့ရကြောင်းဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်အများစုမှာ တောင်ယာ လုပ်ငန်းကို လုပ်ကိုင်စားသောက်နေသူများဖြစ်ကြသည်။

မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာမှ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် ဦးလပြည့်အောင်က မိုင်းအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ပြီး စိတ်ချရသည့် အခြေအနေရောက်မှ နေရပ်ပြန်နိုင်မည်ဟု ဆိုသည်။

“ကျွန်တော်တို့က မရှိဆင်းရဲမှုနဲ့ လုပ်စားရတဲ့သူတွေဖြစ်တယ်။ တောတောင်ကိုသွားလို့ မိုင်းထိတဲ့သူ၊ သေတဲ့သူတွေကို မျက်စိရှေ့မှာမြင်နေရတယ်။ ဒါကြောင့် တောတောင်တွေကို မှီခိုလုပ်စားနေတဲ့ ကျွန်တော်တို့အတွက် မိုင်းတွေကိုရှင်းလင်းလို့ပြီးပြီ၊ ကိုယ့်ဌာနေကို ယုံယုံကြည်ကြည်ပြန်လို့ရပြီဆိုမှ ကျွန်တော်တို့ပြန်နိုင်မယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်စစ်ဘေးရှောင်များ နေရပ်ပြန်ပြီး လုံခြုံအေးချမ်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန် အဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

တပ်မတော်အနေဖြင့် ၎င်းတို့၏မိုင်းများကို အချိန်မရွေးဖော်နိုင်သော်လည်း အခြားလက်ကိုင်အဖွဲ့များ ထောင်ထားသည့်မိုင်းများကို ရှင်းလင်းရန် ခက်ခဲနေသည့် အနေအထားတွင်ရှိနေသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လွှတ်တော်တွင် ပြောကြားထားသည်။

တပ်မတော်နှင့် အေအေတို့ တပ်နေရာချထားရေးကိစ္စကို စာချုပ်စာတမ်းဖြင့် သဘောတူညီလက်မှတ်ထိုး ပြီးပါက မိုင်းရှင်းလင်းရေးကို တပ်မတော်မှ တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး မင်းသန်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းကစပြီး တပ်မတော်နဲ့ အေအေတို့ နှစ်ဖက်ဆွေးနွေးမှု လမ်းကြောင်း ပွင့်လာသည်နှင့်တစ်ပြိုင်နက် ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်နေခဲ့သည်။

တိုက်ပွဲရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင်အချို့ မိမိလယ်ယာလုပ်ငန်းကို လုပ်ကိုင်ရန် နေရပ်ပြန်မှုများ ရှိသော်လည်း အများစုမှာ နေရပ်မပြန်နိုင်သေးပေ။

ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပဏာမအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း အဆိုကို အစိုးရက မြောက်ပိုင်းလေးဖွဲ့ထံ ပေးပို့ထားကြောင်း သိရသည်။

အစိုးရက မြောက်ပိုင်းလေးဖွဲ့နှင့် ပဏာမအပစ်အခတ်ရပ်စဲရေးအတွက် တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ပြီး တပ်နေရာချထားရေးကိစ္စ၊ IDPs ကိစ္စများကိုပါ ဆွေးနွေးသွားမည်ဟု နိုင်ငံတော်သမ္မရုံး ပြောရေး ဆိုခွင့်ရှိသူဦးဇော်ဌေးက ဇန်နဝါရီလ ၈ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိခဲ့ကာ လက်ရှိတွင် စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွားသဖြင့် စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်းကျော်ခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ