ရခိုင်တွင် တစ်ရက်အတွင်း ဒေသခံခြောက်ဦးကို တပ်မတော်က ဖမ်းဆီး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် နေထိုင်သောဒေသခံ နှစ်ဦးနှင့် စစ်တွေမြို့နယ်နေထိုင်သော ဒေသခံ လေးဦးကို တပ်မတော်စစ်ကြောင်းများက စစ်ဆေးရန်အတွက်ဟုဆိုကာ နိုင်ဝင်ဘာလ ၃ ရက်နေ့က သီးခြားစီ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံသိရသည်။

By နှင်းနွယ် 04 Nov 2020

စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လေးဦး။

ခင်သရဖီဦး၊ နှင်းနွယ် ၊ DMG
နိုဝင်ဘာ ၄ ၊စစ်တွေ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် နေထိုင်သောဒေသခံ နှစ်ဦးနှင့် စစ်တွေမြို့နယ်နေထိုင်သော ဒေသခံ လေးဦးကို တပ်မတော်စစ်ကြောင်းများက စစ်ဆေးရန်အတွက်ဟုဆိုကာ နိုင်ဝင်ဘာလ ၃ ရက်နေ့က သီးခြားစီ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံသိရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအုပ်စု မြချွိန်မှ ဆယ်ကျော်သက်အရွယ် ဒေသခံ ၂ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ နိုဝင်ဘာလ ၃ရက်နေ့ ညနေ ၆နာရီခန့်က ခေါ်ဆောင်သွားကြောင်း မိသားစုထံမှ သိရသည်။

အဆိုပါကျေးရွာသို့ အင်အား (၃၀) ခန့်ရှိသည့် စစ်ကြောင်းတစ်ခု ဝင်ရောက်ကာ အသက် (၁၅)နှစ်အထက်ရှိသော အမျိုးသားများကို စာသင်ကျောင်းတွင် စုခိုင်းပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ကိုအောင်ဌေးဝင် (၁၇)နှစ် ကိုညီထွေး(၁၉)နှစ် တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကုလားပုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်တင်ထံမှ သိရသည်။
 
“ယောကျ်ားတွေကို အကုန်စာသင်ကျောင်းမှာ စုခိုင်းပြီးတော့ ၁၅ မိနစ်လောက် ဖုန်းတွေအကုန်စစ်တယ်။ နောက် သူတို့နှစ်ယောက်ကို စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်၊ အရင်က အိမ်တွေကိုပဲ စစ်ဆေးတာတွေရှိပေမဲ့ လူကိုဖမ်းဆီးသွားတာမရှိတော့ အခု ကျေးရွာသားတွေက ကြောက်လန့်နေကြတယ်”ဟု ၎င်းက ရှင်းပြသည်။
 
ဖမ်းဆီးခံရသည့် ကိုအောင်ဌေးဝင်း၏မိခင် ဒေါ်သန်းသန်းဌေးက “ သူက အဖေနဲ့အတူ ဂဏန်းရှာလိုက်နေတဲ့ ကလေးပါ၊ အခုက အဆက်အသွယ်လည်းမရဘူး၊ ဘယ်ကိုခေါ်သွားလဲဆိုတာကို သိချင်တယ်”ဟု ဆိုသည်။

အလားတူ စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာသားလေးဦးအား တပ်မတော်စစ်ကြောင်းမှ အောက်တိုဘာလ (၃)ရက်နေ့တွင် ကျေးရွာအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ဦးသာထွန်းလှ(၆၈)နှစ်၊ဦးထွန်းကျော်လှိုင်(၅၁)နှစ်၊ ဦးမောင်သိန်းချေ(ခ) ဆိတ်တောင်းချေ (၄၀)နှင့်ကိုကျော်ဝင်းချေ (၃၇)နှစ်တို့ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

နိုင်ဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က ဘောဒူဖကျေးရွာဖက်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှ ကားသုံးစီးဖြင့် ပလ္လင်ပြင်ကျေးရွာဖက်သို့ ဝင်ရောက်လာကာ နေအိမ်များကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ကြောင်းပြန်ခါနီးတွင် ရွာသားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြစိန်က DMGသို့ ပြောသည်။

 “သူတို့ (တပ်မတော်) ရွာကိုဝင်လာတုန်းက ရဲတပ်ဖွဲ့ဝင်တွေပါတယ်။ နောက်ပြီးတော့ ဗိုလ်မှူးတစ်ယောက်လည်း ပါတယ်။ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးတယ်။ အခုဖမ်းသွားတဲ့လူတွေရဲ့ နေအိမ်တွေကျတော့ အိမ်ထောင်စု စာရင်းစစ်ရုံတင်မက အိမ်ပေါ်ကိုပါတက်ပြီး စစ်ဆေးသွားတယ်လို့ သိရတယ်” ဟု၎င်းကပြောသည်။
 
ရဲတပ်ဖွဲ့ဝင်များအပါအဝင် တပ်မတော်သား(၁၀)ယောက်ခန့်က အိမ်ပေါ်သို့ မွှေနှောက်စစ်ဆေးပြီးနောက် ဖခင်ဖြစ်သူအား စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ ဦးသာထွန်းလှ ၏သမီး မသန်းလှိုင်က ပြောသည်။

“ကျမအဖေကို အကျ ႌတစ်လုံးဝတ်ခိုင်းပြီးတော့ စစ်ဆေးစရာရှိလို့ ခဏလေးလိုက်ခဲ့ပေးပါဆိုပြီး ခေါ်သွားတာ။ ဘာကြောင့်ဖမ်းသွားတယ်၊ ဘယ်နေရာမှာရှိလဲဆိုတာလည်း တစ်ခုမှ မသိရဘူး။ ကျမတို့စိုးရိမ်တာက တပ်မတော်က ဖမ်းသွားတဲ့လူတွေကို တရားသဖြင့်မစစ်ဆေးဘဲ လက်လွန်အောင်ထိ စစ်ဆေးတာတွေကို သတင်းတွေကြားဖူးတယ်။ ဒါကြောင့် တစ်ခုခုဖြစ်သွားမှာကို အရမ်းစိုးရိမ်တယ်”ဟု ၎င်းကပြောသည်။

၎င်းတို့လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယင်းတပ်မတော်စစ်ကြောင်းသည် ပိုက်ဆိပ်ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။ တပ်မတော်စစ်ကြောင်းထံ ခေါ်ယူစစ်ဆေးခံခဲ့ရသူတစ်ဦးဖြစ်သည့် ပလ္လင်ပြင်ကျေးရွာမှ ကိုထွန်းလင်းချေက “ကျနော်တို့နာမည်စာရင်းက သူတို့(တပ်မတော်)ဖုန်းထဲမှာ ပါလာပြီးသား။ သူတို့ပြောတာကေတာ့ သိန်းတန်ရွာက ထွက်ဆိုချက်အရ လာဖမ်းရတာလို့ပြောတယ်။ ကျနော်နဲ့တခြားတစ်ယောက်က မဲရုံကော်မရှင်ကဖြစ်တဲ့တွက်ကြောင့် လိုက်လို့မရဘူး။ ကျနော်တို့မှာ ကြိုတင်မဲမပေးရသေးတဲ့ အစိုးရဝန်ထမ်းတွေ ရှိသေးတယ်ဆိုလို့ ပြန်လွှတ်ထားခဲ့တာ” ဟု သူကပြောသည်။

ယင်းသို့ ရမ်းဗြဲမြို့နယ်နှင့် စစ်တွေမြို့နယ်အတွင်း ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ရဲရင့်အောင်အား DMG မှ ဆက်သွယ်ခဲ့သော်လည်း သက်ဆိုင်သူတစ်ဦးမှ ဗိုလ်မှူးချုပ်အစည်းအဝေးတက်နေသည့်အတွက် မအားသေးကြောင်း ပြောဆိုခဲ့သည့်အတွက် တစုံတရာ မေးမြန်းခွင့်မရခဲ့ပေ။
 
DMG မှ ကောက်ယူရရှိထားသည့် စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ အောက်တိုဘာလကုန်အထိ ရခိုင်ပြည်နယ်အတွင်း သံသယဖြင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၉၇ ဦး အထိ ရှိခဲ့သည်။

ဗီဒီယိုများ