ရသေ့တောင်မြို့မှ မြို့မိမြို့ဖနှစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူအချို့က ဖမ်းဆီးသွားဟုဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ မြို့မိမြို့ဖ အမျိုးသားနှစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 22 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ မြို့မိမြို့ဖ အမျိုးသားနှစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်နေ ဦးဦးသိန်းမောင်နှင့် ချောင်းဝရပ်ကွက်နေ ဦးသာဇံတို့ဖြစ်ကြပြီး ရသေ့တောင်မြို့နယ် င/လပြားဆိပ်ကမ်းတွင် ၎င်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ကိုဗစ်ကော်မတီဝင်များ၊ ဘေးစီမံဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်းကိုးဦးခန့်သည် ရေပိုက်ဆုံ စစ်ဘေးရှောင် စခန်းသို့ ဆန်အိတ်များလှူဒါန်းရန် သွားရောက်စဉ် ယင်းသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ဖမ်းဆီးခံရတာကတော့ နှစ်ယောက်ပါ။ ဘာကြောင့် ဖမ်းဆီးသွားလည်း ဆိုတာတော့မသိဘူး။ ဘယ်သူတွေ ဖမ်ဆီးသွားတာလဲ မသိဘူး။ လက်နက်ကိုင်အဖွဲ့တခုကလို့ပဲ သိရပါတယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအပါအဝင် အခြားအဖွဲ့ဝင် ၇ ဦးခန့်မှာ ရေပိုက်ဆုံ စစ်ဘေးရှောင်စခန်းအား ဆန်အိတ်များပေးအပ်ရန် ရောက်ရှိလာကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုအောင်နိုင်က ပြောသည်။

“ကျနော်တိုစခန်းကိုတော့ ဆန်အိတ်တွေပေးဖို့ ရောက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဖမ်းဆီးခံရသူ ၂ ယောက် တော့မပါဘူး။ ၇ ယောက်လောက်ရောက်လာပြီး ကယ်ဆယ်ရေးပေးခဲ့ကြပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့်ဖြစ်စဉ်အား သိရှိနိုင်ရန် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို DMG မှ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက် အသွယ်မရရှိခဲ့ပေ။

အလားတူ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ယနေ့(အောက်တိုဘာ ၂၂ ရက်)နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးကြောင်း ဒေသခံများထံမှသိရသည်။

ဗီဒီယိုများ