စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ကရေကြောင်းခရီးစဉ်အချို့ကို ရပ်နားထား

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အမ်ဖန်စူပါဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်လိုင်းများမှ ခရီးစဉ်အချို့ကို ယာယီ ရပ်နားထားကြောင်း ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။

By မြတ်ဆွေ 19 May 2020

စစ်တွေ-ရသေ့တောင် ပြေးဆွဲနေသည့် အမြန်ယာဉ်တစ်စီးအား တွေ့ရစဉ်။

မြတ်ဆွေ | DMG    
မေ ၁၉ ၊ စစ်တွေ  

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အမ်ဖန်စူပါဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်လိုင်းများမှ ခရီးစဉ်အချို့ကို ယာယီ ရပ်နားထားကြောင်း ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ၁၉ ရက် နေ့လည် ၂ နာရီအချိန်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ကာ လိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ကြောင့် ခရီးစဉ်ရှည်လျားပြီး ပင်လယ်ဝကို ဖြတ်သန်းမောင်းနှင်သွားရမည့် ရေကြောင်းခရီးစဉ်များကို မေလ ၁၈ ရက်နေ့မှစတင်၍ ယာယီရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက DMG ကို ပြောသည်။

“အခုလိုရပ်ထားရခြင်းမှာ ဟိုမှာဖြစ်နေတဲ့မုန်းတိုင်းက တအားကြီးမယ်ဆိုတော့ စိုးရိမ်းမှုတွေဖြစ်တယ်။ ကျနော် တို့က ရေလုပ်ငန်းကိုပဲလုပ်ကိုင်နေတော့ ရာသီဥတုကအဓိကကျတာပေါ့။ စစ်တွေ-တောင်ကုတ်လှိုင်းတွေဆိုရင်ခရီးရှည်ပြီး ပင်လယ်ပြင်အဝတွေကိုဖြတ်သန်းသွားရတာဖြစ်တဲ့အတွက် ကျနော်တို့က ကြိုတင်ပြုလုပ်တဲ့အနေနဲ့ သေချာအောင်ရပ်လိုက်တာပါ ” ဟု ၎င်းကပြောသည်။

ယခုရပ်နားထားရသည့် ရေကြောင်းခရီးစဉ်များမှာ စစ်တွေ-တောင်ကုတ် ၊ စစ်တွေ-မာန်အောင် ၊ စစ်တွေ-ကျောက်ဖြူ၊ စစ်တွေ-ရမ်းဗြဲ-ကျောက်နီမော် ၊ စစ်တွေ-မာန်အောင် ခရီးစဉ်များဖြစ်သည်။

လက်ရှိ ရေယာဉ်ပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များမှာ စစ်တွေမှ ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-မင်းပြား ခရီးစဉ်များဖြစ်သည်။ ၎င်းရေကြောင်းခရီးစဉ်များကိုလည်း မေလ ၂၀ ရက်နေ့တွင် ရပ်နားသွားမည်ဖြစ်သည်။

ယခုကဲ့သို့ ရပ်နားထားမည့် ရေကြောင်းခရီးစဉ်များကို မေလ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးနိုင်ရန် မျှော်မှန်း ထားသော်လည်း မိုးလေဝသအခြေအနေကိုကြည့်ပြီး ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဦးစံမော်သိန်းက ဆိုသည်။

တောင်ကုတ်နှင့် မာန်အောင်မြို့နယ်များသို့ ပြေးဆွဲလျက်ရှိသည့် ရွှေလင်းယုန်အမြန်ရေယာဉ်လိုင်းမှာလည်း မုန်တိုင်းကြောင့် ခရီးစဉ်များကို ယာယီရပ်နားထားကြောင်း သိရသည်။

“မုန်တိုင်းရှိတယ်လို့ ကြေငြာထားတဲ့အတွက် မနေ့ညကတည်းက မထွက်တော့ဘူး။ လှိုင်းတွေလည်း ကြီးတဲ့ အတွက်ပေါ့။ ကျနော်တို့ကတော့ ၂၂ ရက်၊ ၂၃ ရက်နေ့အထိ စောင့်ကြည့်သွားမယ်။  နောက်မှ မုန်တိုင်း အခြေ အနေကြည့်ပြီးတော့ ရေယာဉ်တွေကို ပြန်ဆွဲပေးသွားမှာပါ” ဟု ရွှေလင်းယုန်ရေယာဉ်ပိုင်ရှင် ဦးဖြူလုံးက ပြောသည်။

ထို့အပြင် စစ်တွေ-ရသေ့တောင်- ဘူးသီးတောင် ပြေးဆွဲနေသည့် မလိခအမြန်ရေယာဉ်လိုင်းကို ယနေ့ ပြေးဆွဲ လျက်ရှိကာ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ယာယီရပ်နားသင့်က ရပ်နားသွားမည်ဖြစ်ကြောင်း ၎င်းရေယာဉ်လိုင်းမန်နေဂျာ ဦးသန်းထွန်းက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁၉ ရက် နေ့လည် ၂ နာရီထုတ်ပြန်ချက်အရ စူပါ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင် ခန့်နှင့် ဂွမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါမုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ နှုန်းအထိရှိကာ မုန်တိုင်း၏ လက်ရှိ ရွှေ့လျားနှုန်းမှာ တစ်နာရီလျှင် ၉ မိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းအချို့တွင် မိုးရွာ သွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ