မြေပုံမြို့နယ်က ပြည်သူ ၂,၀၀၀ ကျော်ကို မုန်တိုင်းဘေးလွတ်ရာသို့ AA ပို့ဆောင်

ရခိုင်ပြည်၊ မြေပုံမြိုနယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကပြည်သူများ မုန်တိုင်းဘေးတိမ်းရှောင်နိုင်ရန် မေလ ၁၁ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော်(ULA/AA)က ကူညီပို့ဆောင်ပေးနေသည်။

By Admin 12 May 2023

မုန်တိုင်းဘေးရှောင် မြေပုံဒေသခံများကို ULA/AA က ကူညီပို့ဆောင်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မုန်တိုင်းဘေးရှောင် မြေပုံဒေသခံများကို ULA/AA က ကူညီပို့ဆောင်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ မေ ၁၂

ရခိုင်ပြည်၊ မြေပုံမြိုနယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကပြည်သူများ မုန်တိုင်းဘေးတိမ်းရှောင်နိုင်ရန် မေလ ၁၁ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော်(ULA/AA)က ကူညီပို့ဆောင်ပေးနေသည်။

“AA တပ်တော်က လူတွေလာပြီးတော့ ကူညီပို့ဆောင်နေကြပါတယ်။ စက်လှေမရှိတဲ့လူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာကိုလည်း တွေ့ရပါတယ်။ အခုကျနော်တို့တစ်ကျွန်းလုံးမှာ လူမရှိသလောက် ဖြစ်သွားပါပြီ” ဟု ငမန်းရဲကျွန်း ဒေသခံတစ်ဦးက ပြောသည်။

ငမန်းရဲကျွန်းရှိ လွန်းလုံပိုက်၊ မြောက်ကြိမ် ပိုက်ဆိပ်၊ တံတားဦး၊ ညောင်တော၊ ပြင်ချောင်း စသည့် ကျေးရွာသားများမှာ မေလ ၁၀ ရက်ကစပြီး မုန်တိုင်းဘေးလွတ်ရာသို့ ကိုယ်ပိုင်စက်လှေများဖြင့် ကြိုတင်ရှောင်တိမ်းနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာအတွင်း ကျန်ရှိနေသေးသူ ၂,၀၀၀ ကျော်ကို မင်းပြားမြို့နယ် ကြပ်စင်ကျွန်းသို့ ULA/AA က ကူညီပို့ဆောင်ပေးနေခြင်းဖြစ်သည်။

တိမ်းရှောင်လာသူများမှာ ကြပ်စင်ကျွန်းရှိ ပျဉ်းတောင်၊ ရန်တိုင်၊ ရွာဟောင်း၊ ရွာသစ် စသည့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် ဆွေးမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲများရှိကြောင်း သိရဿည်။

“အများစုကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။ ရိက္ခာပါလာတဲ့လူတွေရှိပေမယ့် တချို့ကျတော့လည်း ပါမလာကြဘူး။ စားရေးသောက်ရေးအတွက် အခက်အခဲ ဖြစ်နေပါတယ်” ဟု မြောက်ကြိမ် ပိုက်ဆိပ်ရွာမှ ရှောင်တိမ်းလာသူ မခင်မာရွှေက ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော “မိုခါ (MOCHA)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ထို့ကြောင့် ULA/AA အနေဖြင့် မုန်တိုင်းဖြတ်သန်းမည့်ဒေသများကို အချိန်နှင့်တပြေးညီ သတိပေးခြင်းများ ပြုလုပ်ပေးနေပြီး လိုအပ်သည်များကို ကူညီသွားရန်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“မြေပုံမြို့နယ်ထဲမှာ မုန်တိုင်းဖြတ်ရာမှာ အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာသားတွေ၊ မသန်စွမ်းတဲ့သူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေကို ဦးစားပေးပြီး ကူညီပေးနေတာဖြစ်ပါတယ်။ ရွာမှာကျန်နေခဲ့တဲ့ သူတွေကိုလည်း အသက်ကယ်အင်္ကျီတွေနဲ့ တခြားအကူအညီတွ ပေးထားပါတယ်။ နောက်လည်း အဆင့်ဆင့် ကူညီကယ်ဆယ်ရေးတွေ၊ ပြောင်းရွေ့ရေးတွေ လုပ်ဖို့ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်တွင် ၁၉၆၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့က တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များတွင် လူ ၁,၀၃၇ ဦးသေဆုံးခဲ့ပြီး အိမ်ခြေခြောက်သောင်းနီးပါးပျက်စီးကာ လူသုံးသိန်းနီးပါးခန့် အိမ်ယာမဲ့ဖြစ်သွားခဲ့ရသည်။ 

မြေပုံမြို့နယ်၊ မြောက်ကြိမ်ပိုက်ဆိပ်ကျေးရွာသား ဦးစံရွှေမြက “အဲဒီတုန်းက အခုလို မုန်တိုင်းသတိပေးခဲ့တာတွေမရှိတော့ လူတွေတော်တော်လေးသေခဲ့ကြရတယ်။ အဲဒီတုန်းက ကျွန်းတစ်ကျွန်းလုံး ရစရာမရှိအောင် ပျက်စီးသွားတာ။ ဒီလို ဖြစ်စဉ်တွေရှိထားတော့ ကျွန်းကလူတွေဟာ မုန်းတိုင်းဆိုတာနဲ့ တော်တော်လေးကို ကြောက်လန့်နေကြတာ” ဟု ပြောသည်။

စစ်ကောင်စီကလည်း မုန်တိုင်းနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ မုန်တိုင်းခိုလှုံမည့်နေရာများကို ကြေညာထုတ်ပြန်ထားပြီး အချိန်နှင့်တပြေးညီ ကူညီရေးလုပ်နိုင်ရန် စီစဉ်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် တိုင်းထွာချက်တွင် “မိုခါ (MOCHA)”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် (၄၀၀)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြသည်။

#I008

ဗီဒီယိုများ