ရခိုင်တွင် ရေလမ်းခရီးသွားလာမှုကို စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးနေ 

ရေကြောင်းခရီးဖြင့် သွားလာနေကြသော စက်လှေငယ်၊ ခရီးသည်တင်စက်လှေများကို စစ်ကောင်စီ စစ်ရေယာဉ်က လူဦးရေစာရင်း၊ မှတ်ပုံတင်၊ ကုန်ပစ္စည်းများကို စစ်ဆေးနေခြင်းဖြစ်သည်။ 

By Admin 07 Nov 2023

စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်းရှိ စစ်ကောင်စီ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ယခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ 
စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်းရှိ စစ်ကောင်စီ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ယခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်အတွင်း ရေလမ်းခရီးကိုအသုံးပြု၍ ကူးသန်းသွားလာနေကြသူများကို စစ်ကောင်စီက ယခင်ထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးလာနေကြောင်း သိရသည်။  

ရေကြောင်းခရီးဖြင့် သွားလာနေကြသော စက်လှေငယ်၊ ခရီးသည်တင်စက်လှေများကို စစ်ကောင်စီ စစ်ရေယာဉ်က လူဦးရေစာရင်း၊ မှတ်ပုံတင်၊ ကုန်ပစ္စည်းများကို စစ်ဆေးနေခြင်းဖြစ်သည်။ 

စစ်တွေမြို့သို့ နေ့စဉ်သွားလာနေသော ခရီးသည်တင်စက်လှေများကို ကုလားတန်မြစ်ဝရှိ စစ်ကောင်စီရေယာဉ်မှ ခေါ်ယူကာ လူဦးရေစာရင်း၊ မှတ်ပုံတင်၊ ကုန်ပစ္စည်းများအပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာကိုပါ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။  

စစ်တွေ - ပေါက်တော ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေမောင်းသူတစ်ဦးက “စစ်ဆေးမှုတွေရှိတော့ ကျနော်တို့ စက်လှေမောင်းသူတွေ အရင်ကထက် စက်လှေစောစောထွက်ပြီး သွားလာနေရတယ်။ စစ်ဆေးတာကကြာတော့ ခရီးသည်တွေအတွက်လည်း အချိန်ကြန့်ကြာသလို ကျနော်တို့အတွက်လည်း အခက်အခဲရှိတယ်” ဟု ပြောသည်။  

ယင်းအပြင် ရေချမ်းပြင် - အငူမော်ဆိပ်ကမ်းတွင်လည်း ကူးတို့စက်လှေများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများရှိနေသဖြင့် ခရီးသည်များမှာ ကုန်ပစ္စည်းများကို သယ်ဆောင်ရာတွင် အခက်အခဲများ ရှိနေကြသည်။ 

စစ်ကောင်စီက ကုန်ပစ္စည်းများကို စစ်ဆေးနေသည့်အပြင် အိမ်ဆောက်ပစ္စည်းများကိုလည်း ဆိုင်ထောက်ခံစာပါရှိမှ တင်ဆောင်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။ 

“ဒီဖက်မှာက ကူးတို့စက်လှေတွေမှမဟုတ်ဘူး၊ ကုန်ပစ္စည်းအများသယ်လာတဲ့ စက်လှေတိုင်းကို ခေါ်ယူစစ်ဆေးတာကိုလည်း မြင်ရတယ်။ ရေချမ်းပြင်ဆိပ်ကမ်းမှာဆိုရင် အဝင်အထွက်ခရီးသည် စာရင်း၊ ကုန်ပစ္စည်းတွေကို စစ်ဆေးနေတယ်” ဟု ရေချမ်းပြင် - အငူမော် ကူးတို့စက်လှေမောင်းသူ ဦးထွန်းအေးကျော်က ပြောသည်။

ရခိုင်ပြည်အတွင်း ရေလမ်းခရီးသွားလာမှုကို စစ်ကောင်စီက တင်းကျပ်စွာ ခေါ်ယူစစ်ဆေးနေသဖြင့် ခရီးသည်များမှာ အခက်အခဲများရှိနေကြပြီး စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြသည်။ 

စစ်ကောင်စီစစ်ဆေးမှုများ တစ်နေ့ထက်တစ်နေ့ တင်းကျပ်လာသည့်အတွက် ခရီးသွားလာရာတွင် လုံခြုံမှု မရှိသလို ခံစားနေရသည်ဟု ပေါက်တောမြို့နယ်မှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ရခိုင်ပြည်တွင်း ဟိုနားဒီနား ခဏလေးသွားတာတောင် မှတ်ပုံတင်စစ်လိုက်၊ ယူလာတဲ့ ပစ္စည်းတွေကို စာရင်းပေးရနဲ့ စိတ်အနှောင့်အယှက် တော်တော်ဖြစ်စေတယ်။ တစ်ခါတစ်ရံဆိုရင် စက်လှေတွေကို လက်နက်တွေနဲ့ ဆင်းပြီးစစ်တာတွေရှိတယ်။ အဲဒီလိုတွေမြင်ရတော့ စိတ်ထဲ မလုံခြုံသလိုခံစားရတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။  

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိင့်တပ်တော်(AA)တို့ကြား နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရှိနေသဖြင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

#D011#DMG

ဗီဒီယိုများ