ရခိုင်တွင် မုန်တိုင်းအလွန် မိုးကြိုးပစ်ခံရ၍ ထိခိုက် သေဆုံးသူ ၅ ဦးအထိရှိလာ

"မိုခါ"ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ လေးဦးနှင့် ဒဏ်ရရှိသူ တစ်ဦးအထိ ရှိလာနေသည်။

By Admin 31 May 2023

ရမ်းဗြဲမြို့နယ်၊ နဂါးကျေးရွာမှ မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူတစ်ဦး။ (ဓာတ်ပုံ - U Aung Mae Naing)
ရမ်းဗြဲမြို့နယ်၊ နဂါးကျေးရွာမှ မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူတစ်ဦး။ (ဓာတ်ပုံ - U Aung Mae Naing)

DMG ၊ မေ ၃၁

"မိုခါ"ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ လေးဦးနှင့် ဒဏ်ရရှိသူ တစ်ဦးအထိ ရှိလာနေသည်။

မိုးကြိုးပစ်ခံရ၍သေဆုံးသူများမှာ ရမ်းဗြဲမြို့နယ်မှ နှစ်ဦး၊ ကျောက်ဖြူမြို့နယ်မှ တစ်ဦး၊ ရသေ့တောင်မြို့နယ်မှ တစ်ဦး သေဆုံးသွားပြီး ဒဏ်ရရှိသူတစ်ဦးမှာ ကျောက်ဖြူမြို့နယ်မှဖြစ်ကြောင်း DMG ကရရှိထားသော စာရင်းအရ သိရသည်။

ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ နဂါးကျေးရွာမှ အသက် (၁၇) နှစ်အရွယ် မောင်မြင့်မြတ်မောင်နှင့် အသက် (၁၅) နှစ်အရွယ် မောင်လင်းလင်းထွန်းတို့ နှစ်ဦးမှာ ယနေ့ နေ့လယ်ပိုင်းက နေအိမ်အတွင်း ဖုန်းကြည့်နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့သည်။

“အဲဒီအချိန်က မိုးနည်းနည်းရွာနေတယ်။ တစ်ယောက်ကတော့ အားသွင်းကြိုးတန်းလန်းနဲ့ ဂိမ်းကစားနေတယ်။ နောက်တစ်ယောက်ကတော့ သူ့ပေါင်ပေါ် အိပ်ပျော်နေတယ်။  မိုးကြိုးပစ်တဲ့အချိန် လျှပ်စစ်ဆွဲအားနဲ့ ဖြစ်သွားတာထင်တယ်” ဟု နဂါးကျေးရွာမှ မလဲ့လဲ့ဝင်းရွှေက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ အသက် (၄) နှစ်အရွယ် မောင်မောင်ငယ်မှာ နေအိမ်အတွင်းရှိနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြိန်းတောကျေးရွာမှ ကိုဒေးဗစ်က “သူတို့အိမ်က မုန်တိုင်းကြောင့် ခေါင်မိုးပွင့်သွားတယ်။ တခြားလူတွေနဲ့ အဲကလေးက အိမ်အောက်မှာ ထိုင်နေကြတာ။ ဒါပေမဲ့ အဲကလေးနဲ့က နည်းနည်းအလှမ်းဝေးတယ်။ အဲဒါကြောင့် သူတစ်ယောက်ပဲ မိုးကြိုးပစ်ခံလိုက်ရတယ်” ဟု ပြောသည်။

မုန်တိုင်းလွန်ပြီးနောက် ရခိုင်ပြည်အပါအဝင် ပြည်နယ်နှင့်တိုင်းတချို့မှာ ရာသီဥတုပူပြင်းပြီး၊ မိုးရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

ရခိုင်တွင် မုန်တိုင်းလွန်သည့်အချိန်မှစ၍ အပူချိန်အဆမတန်မြင့်တက်လာခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများကို ဆိုးဆိုးရွားရွားရင်ဆိုင်လာရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

 “အဲထဲမှာတော့ မိုးကြိုးပစ်ခံရတာတွေလည်း တစ်ခုအပါအဝင်ဖြစ်မယ်။ မိုးရွာတဲ့အချိန်မှာ အပူချိန်ကျသွားပေမယ့် မိုးရပ်တန့်သွားရင် အပူချိန် ချက်ချင်း တိုးလာတာကြောင့် အဲဒီလိုမျိုးတွေဖြစ်လာတာ။ လာမယ့် မိုးရာသီမှာလည်း မိုးကြိုးပစ်တာတွေ ပိုများလာနိုင်တယ်” ဟု ဦးလှထွန်းက ပြောသည်။

မိုးရွာသွန်းမှုနှင့်အတူ လျှပ်စီလက်ပြီး မိုးကြိုးပစ်နိုင်သည့် အခြေအနေများဖြစ်ပေါ်လာပါက လျှပ်စစ်ပစ္စည်းများနှင့်ဝေးရာမှာ နေထိုင်သင့်ကြောင်း မိုးဇလက အကြံပြုထားသည်။

#I010 

ဗီဒီယိုများ