ရခိုင်က စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ပြော

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းများ မရှိသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်နိုင်ရေးအတွက် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန် စာရင်းကောက်ယူနေကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

By မျိုးသီရိကျော် 02 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းများ မရှိသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်နိုင်ရေးအတွက် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန် စာရင်းကောက်ယူနေကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိမှာ မိမိနေရပ်သို့ပြန်သည့် စစ်ဘေးရှောင်များလည်းရှိရာ နေရပ်သို့မပြန်နိုင်သေးသည့် စစ်ဘေးရှောင် များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများမှတဆင့် စာရင်းစတင်ကောက်ယူနေသည်မှာ သီတင်းတစ်ပတ်ရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က DMG သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခင်မူလအတိုင်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြန်လည်နေထိုင်ခွင့်ရရှိပါက ပြန်လည် ထူထောင်ရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

စစ်ဘေးရှောင်တို့မှာ မိမိနေရပ်သို့ ပြန်လိုကြသော်လည်း တိုက်ပွဲကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသူ များမှာ နေရပ်ပြန်ရန် အခက်ခဲဖြစ်နေကြသည်။

ယခုနှစ် မေလအတွင်းက မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၂၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့သည်။

“ကျမတို့အိမ် မီးလောင်တဲ့အထဲမှာ ပါသွားတယ်။ အိမ်ဆောက်တာမကြာသေးဘူး။ ကျမတို့ပြန်သွားရင်ကော ဘယ်နေရာသွားနေရာမလဲ” ဟု လက္ကာကျေးရွာမှ မအေးမှုံချေက ပြောသည်။

စည်ပင်သာရေးဝန်ကြီး ဦးဝင်းမြင့်ကမူ “သူတို့(စစ်ဘေးရှောင်) တွေရဲ့အခက်ခဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက်က မတူကြဘူး။ တချို့က အိမ်မီးလောင်ပျက်စီးသွားတာရှိတယ်။ ဘယ်သူ့ကိုမှ ဘာပေးမယ် ဘယ်သူ့ကို ဘာမှမပေးဘူး အဲလိုမဟုတ်ဘူး။ လုပ်ပေးသင့်တဲ့လူတွေမှန်သမျှကို ကျနော်တို့အနေနဲ့ ကူညီ ဆောင်ရွက်ပေးသွားမှာ” ဟု ဆိုသည်။

လက်ရှိ ဒေသတည်ငြိမ်နေသည့်အတွက် စပါးရိတ်သိမ်းရန် မိမိကျေးရွာသို့ ပြန်လည်ရောက်ရှိနေသည့် ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ဦးဦးသိန်းနုက စစ်ကျန်လက်နက်များပေါက်ကွဲမှု၊ တပ်မတော် စစ်ကြောင်းများဝင်ရောက်မှုနှင့် တိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပွားလာမည်တို့ကို စိုးရိမ်နေသည်။

“ကျေးရွာမှာနေရပေမဲ့ ဘယ်အချိန် တိုက်ပွဲဖြစ်မလဲဆိုတာကို စိုးရိမ်နေပါတယ်။ စပါးရိတ်သိမ်းနေရင်လည်း ရင်တထိတ်ထိတ်နဲ့ဘယ်နားကမိုင်းထပေါက်မလဲ၊ အဲလိုစိတ်ပူနေရပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ ပြန်သွားလိုကြသော်လည်း ကျေးရွာအနီးပတ်ဝန်းကျင်တို့တွင် တပ်မတော် စစ်ကြောင်းများသွားနေမှုများရှိသဖြင့် စိုးရိမ်နေရကြောင်း ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေသည့် သာစည်ကျေးရွာမှ ဒေါ်လှလှချေက ပြောပြသည်။

“ကျွန်မတို့လည်း ရွာပြန်ချင်ပါတယ်။ ဒါပေမယ့် ကြောက်လည်းကြောက်ပါတယ်။ ကျွန်မယောကျ်ားကလည်း ဖမ်းဆီးခံ ရလို့ အချုပ်ခန်းထဲမှာ နေနေရတယ်။ လသားအရွယ် ကလေးတစ်ယောက်လည်းရှိတယ်။ ရွာပြန်သွားရင်လည်း ကျွန်မတို့မှာလုပ်စားဖို့ အလုပ်အကိုင်တွေမရှိဘူး။ ကျွန်မတို့အတွက် ဘယ်လိုမှ စိတ်ချလို့မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၃ သောင်း ၄ ထောင်ကျော်အထိရှိကြောင်း စစ်ဘေးရှောင်စာရင်းများကောက်ယူ နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ