အချိန်မီ ထိန်းသိမ်းခြင်းမရှိပါက ရာစုနှစ်တစ်ခုအတွင်း ရခိုင်ဆင်များပျောက်ကွယ်နိုင်

ရခိုင်ပြည်နယ်တွင် ရာဂဏန်းခန့်သာကျန်ရှိတော့သည့် တောဆင်ရိုင်းများကို တာဝန်ရှိသူများအနေဖြင့် စနစ် တကျ ထိမ်းသိမ်းမှုများမလုပ်ပါက ရာစုနှစ်တစ်ခုအတွင်း ယင်းဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း သစ်တောပညာရှင်များက သတိပေးပြောဆိုလိုက်သည်။

By သက်ပိုင် 17 Oct 2020

သက်ပိုင် | DMG
အောက်တိုဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ရာဂဏန်းခန့်သာကျန်ရှိတော့သည့် တောဆင်ရိုင်းများကို တာဝန်ရှိသူများအနေဖြင့် စနစ် တကျ ထိမ်းသိမ်းမှုများမလုပ်ပါက ရာစုနှစ်တစ်ခုအတွင်း ယင်းဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း သစ်တောပညာရှင်များက သတိပေးပြောဆိုလိုက်သည်။

ယခင်က ဆင်အကောင်ရေ ထောင်နှင့်ချီကာရှိခဲ့သည့် ရခိုင်ပြည်နယ်၌ လက်ရှိအချိန်တွင် အကောင်ရေ ၄၀၀ ဝန်းကျင်ခန့်သာရှိနိုင်ပြီး အရေးပေါ်ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်နေကြောင်း သစ်တောဦးစီးဌာန၊ မြန်မာ့ သစ်ထုတ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာဇော်မင်းဦးကဆိုသည်။

“အရင်တုန်းက ရှမ်းပြည်မှာဆင်ရှိခဲ့တယ်။ ဒါပေမယ့် အခုမရှိတော့ဘူး။ အရင်တုန်းက ကောလင်းတို့၊ ကသာတို့ ဖက်မှာရှိတယ် အခုမရှိတော့ဘူး။ ဒါကြောင့် လက်ရှိ ဆင်ရှိနေတဲ့ဒေသတွေဖြစ်တဲ့ ရခိုင်တို့၊ ဧရာဝတီတို့၊ ပဲခူး တို့လို နေရာတွေမှာ ထိန်းသိမ်းမှုတွေ လုပ်ဆောင်သင့်နေပါပြီ” ဟု သူကပြောသည်။

ဆင်များ အကောင်ရေလျော့ကျလာရသည့်အချက်မှာ သစ်တောများပြုန်းတီးမှုကြောင့်  စားကျက်မြေများ ကျဉ်းမြောင်းလာခြင်းနှင့် လူတို့၏အမဲလိုက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဆင်များမရှိတော့ပါက သဘာဝ ဂေဟစနစ်အတွက် များစွာထိခိုက်မှုများရှိနိုင်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဆရာဝန် ဒေါက်တာမြင့်သိန်းက ဆိုသည်။

“ဆင်တွေကို အကောင်းဆုံးဥယျာဉ်မှူးကြီးဆိုပြီး တင်စားကြတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တနေ့ကို ဘောလုံးကွင်းလေးကွင်းစာလောက် သွားတတ်ကြတယ်။ သူတို့သွားတဲ့ နေရာတွေမှာ အပင်တွေကို တက်နေတဲ့ခြုံတွေက အလိုလိုရှင်းပြီးသားဖြစ်သွားတယ်။ နောက်ပြီး သူက အပင်မျိုးစုံစားတော့ သူတို့စွန့်ပစ် လိုက်တဲ့ မစင်ကတစ်ဆင့် အပင်မျိုးစေ့တွေ နေရာစုံမှာပေါက်နိုင်တာပေါ့၊ ဒါတင်မကဘူး သူတို့သွားတဲ့ နေရာတွေမှာ မြေနိမ့်ဝင်သွားပြီး ရေစီးကြောင်းလေးတွေလည်း ဖြစ်နိုင်တာပေါ့”ဟု ဒေါက်တာမြင့်သိန်းက ရှင်းပြသည်။

၂၀၁၀ ခုနှစ် ဆင်ဖြူတော်ရှာစဉ်က ကောက်ယူခဲ့သော စာရင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သည့် မေယုတောင်တန်းပေါ်တွင် ဆင်ကောင်ရေ ၃၁၆ ကောင်နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများရှိသည့် သံတွဲခရိုင် အတွင်းတွင် ၁၅ ကောင်ခန့်သာရှိတော့ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ လက်ထောက် မန်နေဂျာ ဒေါက်တာစံလင်းက ပြောသည်။

“ရခိုင်ဒေသကဆင်တွေမှာ ဆင်ဖြူတော်သွေးရှိတဲ့ ဆင်မျိုးစိတ်တွေရှိနေတယ်။ ဆင်ဆိုတာ နိုင်ငံတော်ရတနာတစ် ပါးဖြစ်တဲ့အတွက် ဒီလိုဒေသကဆင်တွေကို စနစ်တကျ ထိန်းသိမ်းမှုတွေ လုပ်ကိုလုပ်သင့်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရခိုင်ရိုးမ ဆင်ဘေးမဲ့တောဧရိယာတွင် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဝန်းကျင်သားငှက်အဖွဲ့(မြန်မာနိုင်ငံအစီစဉ်)(WCS)အနေဖြင့် တောဆင်ရိုင်းထိမ်းသိမ်းရာတွင် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော်လည်း ဘေးမဲ့တောဧရိယာ ဧကပေါင်း ၃ သိန်း ၃ သောင်းကျော်ကို လူဦးရေ ၃၀ ဖြင့်သာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရသည့်အတွက် အခက်ခဲအနည်းငယ်ရှိကြောင်း WCSအဖွဲ့၏ ရခိုင်ဒေသ(Site)မန်နေဂျာ ကိုထက်အာကာအောင်ကဆိုသည်။

ရခိုင်ဒေသ၏တောဆင်ရိုင်းအများစုတည်ရှိရာ ရခိုင်မြောက်ပိုင်းတွင်ထိမ်းသိမ်းမှုလုပ်ဆောင်မည့်ကိစ္စနှင့် ပတ်သက်၍ “ဘူးသီးတောင်၊ မောင်တောဘက်မှာတော့ နယ်မြေလုံခြုံရေးအခြေအနေအရ ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်ဖို့ အခက်အခဲရှိတဲ့အတွက် လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့်အဲဒီ ဒေသတွေဟာ တောဆင်ရိုင်းတွေသာမက အခြား ရှားပါးတောရိုင်းတိရစ္ဆာန်တွေ တော်တော်များများ ရှိနေ သေးတဲ့အတွက် မြန်မာနိုင်ငံရဲ့အဓိက ဇီဝမျိုးစုံမျိုးကွဲကျက်စားရာ နေရာ (Key Biodiversity Area)များအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေပါ။ အမှန်တကယ် ထိန်းသိမ်းသင့်တဲ့ နေရာတွေပါ” ဟု သူကဆိုသည်။

သို့သော် နယ်မြေလုံခြုံရေးအခြေအနေအရ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်း(INGO)များအနေဖြင့် အဆိုပါဧရိယာများတွင် မြေပြင်ကွင်းဆင်းကာ တောဆင်ရိုင်းထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည် ဖော်ရန်မှာ လက်ရှိအချိန်တွင် စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ်ရှိနေကြောင်း ကိုထက်အာကာအောင်က ဆိုသည်။

လွန်ခဲ့သည့် နှစ် ၇၀ ခန့်က မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ ၉၀၀၀ ခန့်နေထိုင်ခဲ့ပြီး လက်ရှိ အချိန်တွင် အကောင်ရေ ၂၀၀၀ ပင်မပြည့်တော့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းဖြင့် အသတ်ခံရမှုများရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF–Myanmar)အဖွဲ့မှသိရသည်။

ဗီဒီယိုများ