လူခြောက်ဦးအထိ သတ်ဖြတ်ခဲ့သည့် အိန္ဒိယတောဆင်ရိုင်းကို မေ့ဆေးပေးဖမ်းဆီး

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် လူခြောက်ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဈေးဆိုင်များသို့ ဝင်ရောက်ကာ ဆန်များ၊ ကောက်နှံများ စားသုံးလျက်ရှိသည့် တောဆင်ရိုင်းတစ်ကောင်အား သစ်တောဝန်ထမ်းများက မေ့ဆေးပေးဖမ်းဆီးခဲ့ရသည်။

By Admin 01 May 2023

အာရီကုန်ဘန်ကို ဖမ်းဆီးပြီးနောက် ထရပ်ကားပေါ် တင်ထားသည်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
အာရီကုန်ဘန်ကို ဖမ်းဆီးပြီးနောက် ထရပ်ကားပေါ် တင်ထားသည်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ မေ ၁

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် လူခြောက်ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဈေးဆိုင်များသို့ ဝင်ရောက်ကာ ဆန်များ၊ ကောက်နှံများ စားသုံးလျက်ရှိသည့် တောဆင်ရိုင်းတစ်ကောင်အား သစ်တောဝန်ထမ်းများက မေ့ဆေးပေးဖမ်းဆီးခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာရီကုန်ဘန်ဟု အမည်ပေးထားသည့် အဆိုပါဆင်ရိုင်းအား ဧပြီလ ၂၉ ရက်နေ့က သစ်တောဝန်ထမ်း ၁၅၀ ဦးပါဝင်သည့် အဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ဆင်ရိုင်းသည် မေ့ဆေးဖြင့် ငါးကြိမ်အထိ ပစ်ခတ်ခံခဲ့ရသည့်တိုင် သတိမမေ့ဘဲ အဖမ်းမခံဘဲ ငြင်းဆန်နေခဲ့သည်ဟု Indian Express သတင်းစာတွင် ဖော်ပြထားသည်။

အာရီကုန်ဘန်ကို ဖမ်းဆီးမိပြီးနောက် လေ့ကျင့်ထားသည့် ဆင်အယဉ်လေးကောင် အကူအညီဖြင့် ထရပ်ကားပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။ အဆိုပါဆင်ကို ခြေရာခံကိရိယာ GPS ပါရှိသည့်ကော်လာ တပ်ဆင်ပြီးနောက် ယခုအခါ ဘေးမဲ့တောတစ်နေရာတွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

အသက် ၃၀ ခန့်ရှိပြီဖြစ်သည့် ဤဆင်ရိုင်းကို ၂၀၁၇ ခုနှစ်ကလည်း မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ သို့သော်လည်း ထိုစဉ်က အဖမ်းမခံရဘဲ လွတ်မြောက်သွားခဲ့သည်။

အာရီကုန်ဘန်သည် ဆန်နှင့် ကောက်နှံများကို ကြိုက်နှစ်သက်သဖြင့် သူ့ကို ဆိုင်အတုဖန်တီးကာ ဖမ်းဆီးရန် သစ်တောဝန်ထမ်းများက ပြီးခဲ့သောလတွင် စီစဉ်ခဲ့သော်လည်း တရားရုံးက တားမြစ်သဖြင့် အထမမြောက်ခဲ့ပေ။

အိန္ဒိယနိုင်ငံရှိ နေရာအချို့တွင် လူနေအိမ်ခြေများသည် သစ်တောဧရိယာများအထိ ရောက်ရှိလာသဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် လူများအကြားတွင် ပဋိပက္ခများ ရှိလာနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက ထောက်ပြလျက်ရှိသည်။

အာရှတောဆင်ရိုင်းစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်သည် အိန္ဒိယတွင် ရှိသည်။ ၂၀၁၇ ခုနှစ်က နောက်ဆုံးကောက်ယူခဲ့သည့် စာရင်းအရ အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၂၉၉၆၄ ကောင်အထိ ရှိကြောင်း သိရသည်။

ဗီဒီယိုများ