ဘူးသီးတောင်တွင် တောဆင်ရိုင်းနင်းခံရ၍ ၁၀ တန်းကျောင်းသားတစ်ဦးသေဆုံး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု ဝါချိလ္လာကျေးရွာမှ ၁၀ တန်းကျောင်း သားတစ်ဦး ယမန်နေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညအချိန်တွင် တောရိုင်းဆင်နင်းခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 01 Jan 2023

ဘူးသီးတောင်တွင် တောဆင်ရိုင်းနင်းခံရ၍ ၁၀ တန်းကျောင်းသားတစ်ဦးသေဆုံး

တောရိုင်းဆင်နင်းခံရ၍ သေဆုံးသွားသည့် ဆယ်တန်းကျောင်းသား ဇိုက်ဆော်လိင်။

DMG ၊ ဇန်နဝါရီ ၁

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု ဝါချိလ္လာကျေးရွာမှ ၁၀ တန်းကျောင်း သားတစ်ဦး ယမန်နေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညအချိန်တွင် တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

သေဆုံးသူမှာ အသက်(၁၈)အရွယ် ဇိုက်ဆော်လိင်ဖြစ်ပြီး ၎င်းမှာ ယမန်နေ့ည ၁၁ နာရီခန့်က စံညင်းဝေကျေးရွာရှိ ယောက်ဖဖြစ်သူ၏ စပါးများအား ဆင်များမစားရန် ကျေးရွာနှင့် တစ်ဖာလုံခန့်ဝေးသည့် လယ်ကွင်းထဲတွင် သွားရောက်စောင့်ကြည့်နေစဉ် ယင်းသို့ ဆင်နင်းခံရကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ခံ ဆော်လိင်က ပြောသည်။ 

“ကျနော်တို့ဆီမှာ ဆင်တွေလာရင် အကောင်သုံးဆယ်လောက် လာတယ်။ သူက ဆင်စောင့်ဖို့အတွက် စပါးပုံမှာ အိပ်နေတာ။ မနေ့က ၁၁ နာရီကျော်လောက်မှာ ဆင်ကလာတော့ သူက စပါးပုံကနေ‌ ကြောက်ပြီးပြေးတဲ့အချိန်မှာ ဆင်ကနောက်ကလိုက်ပြီး နင်းပစ်လိုက်တာဖြစ်တယ်”ဟု ဆော်လိင်က ပြောသည်။

ဆင်နင်းခံ၍သေဆုံးသွားသည့် ဆယ်တန်းကျောင်းသား၏ ရုပ်အလောင်းကို ယနေ့တွင် ဝါချိလ္လာကျေးရွာ သုတ်သာန်တွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ င/ကျည်တောက်ကျေးရွာအနီးတွင် ဆင်နင်းခံရ၍ မွတ်ဆလင်နှစ်ဦး သေဆုံးသွားခဲ့သည်။

ကွန်တိုင်ကျေးရွာအုပ်စုက ဒေသခံများမှာ တောဆင်ရိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရသဖြင့် စိုးရိမ်ထိန်လန့်စွာ လုပ်ကိုင်စားသောက်နေကြရသည်ဟု ဝါချိလ္လာကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ ဒေသခံတွေမှာ တောရိုင်းဆင်တွေရဲ့ အန္တရာယ်ကို ခံနေရပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ဆင်နင်းတာကြောင့် ရွာကတစ်ယောက် ဒဏ်ရာရသွားပါတယ်။ ဒါကြောင့် ကျေးရွာအနီးတွေမှာ ဆင်တွေကို ထိန်းပေမယ့် ဆင်ထိန်းတွေချထားပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု  အဆိုပါဒေသခံကပြောသည်။

တောင်ဆင်ရိုင်းများသည် မေယုတောင်တန်း နတ်မြစ်ဖျားနှင့် ဘင်္ဂလား‌ဒေ့ရှ် ဘက်ခြမ်းတို့တွင် နေထိုင်ကျက်စားလေ့ရှိပြီး အုပ်စုလိုက်လာရောက်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ခန့်ကပင် မယူတောင်တန်းမှ ဆင်းများမှာ လူနေကျေးရွာအနီးရှိ စပါးခင်းများသို့ ဝင်ရောက်စားသောက်လာခြင်းတို့ကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စသည့်မြို့နယ်များမှ ဒေသခံများမှာ တောဆင်ရိုင်းအန္တရာယ်နှင့် နှစ်စဉ်ကြုံတွေ့နေရကြသည်။

#I001

ဗီဒီယိုများ