မောင်တောတွင် တောဆင်ရိုင်းနင်း၍ မွတ်ဆလင်တစ်ဦး သေဆုံး

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ငမ်းချောင်း(မွတ်ဆလင်)ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယနေ့ ဒီဇင်ဘာ ၉ ရက်၊ နံနက် ၃ နာရီကျော်တွင် တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားကြောင်း သိရသည်။ 

By Admin 09 Dec 2023

၂၀၂၁ ခုနှစ်က မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ ရေကန်တွင် နွံနစ်နေသော တောဆင်ရိုင်းများ။
၂၀၂၁ ခုနှစ်က မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ ရေကန်တွင် နွံနစ်နေသော တောဆင်ရိုင်းများ။

ဦးအာဒူရ်လာမီ(၆၀ နှစ်) သည် သားဖြစ်သူနှင့်အတူ ရွာအနီးရှိလယ်၌ စပါးစောင့်နေစဉ်  တောဆင်ရိုင်း၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကြွေမွကာ သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ဆင်တွေက စပါးကိုလာစားလို့ ပါးစပ်နဲ့အော်ပြီး နှင်ထုတ်နေတုန်း ဆင်ရိုင်းက ပြန်တိုက်ခိုက်တာ။ အဲဒီအချိန်မှာ သားဖြစ်သူက ပြေးပြီးလွတ်လာတယ်။ အဖေဖြစ်သူက မပြေးနိုင်လို့ ဆင်နင်းခံလိုက်ရတာ။ ဦးခေါင်းတွေ၊ အရိုးတွေ၊ ကလီစာတွေ အကုန်ပျက်စီးသွားတယ်” ဟု သူက ပြောသည်။  

ဒီဇင်ဘာ ၁ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်းရှိ လောင်းဒုံကျေးရွာမှ အမျိုးသားတစ်ဦးမှာ လယ်ကွင်း၌ စပါးစောင့်အိပ်ရင်း တောဆင်ရိုင်းနင်း၍ သေဆုံးသွားခဲ့သည်။ 

တောဆင်ရိုင်းများသည် ဒေသခံများစိုက်ပျိုးထားသော လယ်ကွင်း၊ ဉယျာဉ်ခင်းထဲသို့ ဝင်ရောက်ကျက်စားကာ အပင်များကို နင်းခြေဖျက်ဆီးပြီး လူကိုလည်း အန္တရာယ်ပြုတတ်သဖြင့် တောင်သူများမှာ အခက်တွေ့နေကြသည်။ 

“ဆင်ရိုင်းတွေက အရမ်းကြောက်ဖို့ ကောင်းတယ်။ လူတွေကိုမြင်ရင် မရရအောင်လိုက်သတ်တာ” ဟု ငမ်းချောင်းဒေသခံတစ်ဦးက ပြောသည်။ 

တောဆင်ရိုင်းများသည် အုပ်စုလိုက်ဆိုပါက လူကိုအန္တရာယ်ပြုမှုနည်းပြီး မောင်းထုတ်လိုက်လျှင် အုပ်စုလိုက် နောက်ဆုတ်တတ်ကြောင်း ဒေသခံများထံမှ သိရသည်။ သို့သော် တစ်ကောင်တည်းဆိုလျှင် နောက်မဆုတ်တော့ဘဲ တွေ့သည့်လူတိုင်းကို အန္တရာယ်ပြုတတ်ကြောင်း သိရသည်။

ရွာအနီး၊ စိုက်ခင်းများနှင့် လယ်ကွင်းပြင်များသို့ ဆင်များလာလျှင် ထွက်ပြေးစေရန်အတွက် သံပုံးတီးခတ်ခြင်း၊ လေးဂွများဖြင့်ပစ်ခတ်ခြင်း၊ ပြင်းအားကောင်းသည့် ဓာတ်မီးများကိုအသုံးပြုခြင်း စသည့် နည်းလမ်းမျိုးစုံသုံး၍  ခြိမ်းခြောက်မောင်းထုတ်ကြကြောင်း ဒေသခံများက ပြောကြသည်။ 

ရခိုင်ပြည်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တာင်မြို့နယ်ရှိ မေယုတောင်တန်းအနီး ကျေးရွာများမှာ တောဆင်ရိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရသည်။ 

#D009 #DMG

ဗီဒီယိုများ