မောင်တောတွင် တောဆင်ရိုင်းနင်း၍ လယ်သမားတစ်ဦး သေဆုံး 

မေယုတောင်တန်းရှိ တောဆင်ရိုင်းများမှာ နေ့အချိန်များတွင် တောထဲ၌ကျင်လည်ကျက်စားပြီး ညအချိန်တွင်မူ လယ်ကွင်း၊ ဉယျာဉ်ခင်းထဲသို့ ဝင်ရောက်ကျက်စားလေ့ရှိသဖြင့် ဒေသခံများမှာ တောဆင်ရိုင်းများ၏ အန္တရာယ်နှင့် အမြဲလိုလို ကြုံတွေ့နေရသည်။ 

By Admin 02 Dec 2023

မောင်တောတွင် တောဆင်ရိုင်းနင်း၍ လယ်သမားတစ်ဦး သေဆုံး 

DMG ၊ ဒီဇင်ဘာ ၂

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ လောင်းဒုံကျေးရွာမှ အမျိုးသားတစ်ဦးမှာ ဒီဇင်ဘာလ ၁ ရက် ညအချိန်တွင် တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

အသက် ၄၀ နှစ်အရွယ် ဦးဝင်းဇော်မှာ လယ်ကွင်း၌ စပါးစောင့်ပြီးအိပ်နေစဉ် ဆင်နင်းခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

“သူက လယ်ထဲကစပါးပုံနားမှာ အိပ်မောကျနေတာမှာ ဆင်ရိုင်းနင်းသွားတာ။ ပြေးလည်း မပြေးနိုင်လိုက်ဘူး ထင်တယ်။ အရိုးတွေလည်း ကျိုးသွားတယ်၊ ကလိစာတွေလည်း ကြေသွားပါတယ်” ဟု ၎င်းက ပြောသည်။ 

ဆင်နင်းခံရသည့် ဦးဝင်းဇော်ကို ကြိမ်ချောင်းဆေးရုံသို့ အရေးပေါ်ပို့နိုင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ညဉ့် ၂ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။  

“အနားကလူတွေကို လှမ်းခေါ်နိုင်လို့ သူ့ကို အိမ်ကိုခေါ်လာသေးတယ်။ စကားနည်းနည်း ပြောနိုင်သေးတယ်။ ဆေးရုံပို့ပြီး ညဉ့် ၂ နာရီလောက်မှာ သေဆုံးသွားခဲ့တာပါ” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

မေယုတောင်တန်းရှိ တောဆင်ရိုင်းများမှာ နေ့အချိန်များတွင် တောထဲ၌ ကျင်လည်ကျက်စားပြီး ညအချိန်တွင်မူ ဒေသခံများစိုက်ပျိုးထားသော လယ်ကွင်း၊ ဉယျာဉ်ခင်းထဲသို့ ဝင်ရောက်ကျက်စားလေ့ရှိသဖြင့် ဒေသခံများမှာ တောဆင်ရိုင်းများ၏ အန္တရာယ်နှင့် အမြဲလိုလို ကြုံတွေ့နေရသည်။ 

လောင်းဒုံကျေးရွာမှ လယ်သမားတစ်ဦးက “တောဆင်ရိုင်းအန္တရာယ်ကိုတော့ အမြဲတမ်း စိုးရိမ်နေရတယ်။ ဒီလို စပါးပေါ်ရာသီဆိုရင် ဆင်တွေက အစာရှာစားဖို့ ထွက်ကြတော့ အမြဲတမ်း သတိထားပြီး‌နေရတယ်” ဟု ပြောသည်။ 

ယခုနှစ် ဇွန်လ ၇ ရက်က မောင်တောမြို့နယ်တောင်ပိုင်း၊ တပ်ဦးချောင်းအုပ်စု၊ ကံပြင်သာစည်ကျေးရွာမှ မသန်စွမ်းအမျိုးသားတစ်ဦး တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားခဲ့သည်။ အလားတူ မေလ ၂၇ ရက်ကလည်း ရသေ့တောင်မြို့နယ်မှ ဒုံးပိုက်ကျေးရွာသားတစ်ဦးမှာ မေယုတောင်တန်း၌ ဝါးခုတ်နေစဉ် တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားခဲ့သည်။

#D009 #DMG 

ဗီဒီယိုများ