ကိုဗစ်ကာလ ရသေ့တောင်ဒေသခံ ထောင်ချီထွက်ပြေးရ

မြန်မာတစ်နိုင်ငံလုံးတွင် Covid-19 ကူးစက်မှုမြင့်တက်လာနေသော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသေးသဖြင့် ယနေ့(စက်တင်ဘာလ ၂၃ ရက်)နေ့တွင် ရသေ့တောင်မြို့နယ်မှ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

By ဉာဏ်ဟိန်း 23 Sep 2020

Photo crd – May Yu Tun

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၂၃ ၊ စစ်တွေ

မြန်မာတစ်နိုင်ငံလုံးတွင် Covid-19 ကူးစက်မှုမြင့်တက်လာနေသော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသေးသဖြင့် ယနေ့(စက်တင်ဘာလ ၂၃ ရက်)နေ့တွင် ရသေ့တောင်မြို့နယ်မှ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထွက်ပြေးနေရသူများမှာ ရသေ့တောင်မြို့နယ်မှ ကူတောင်၊ ရွှေလောင်းတင်၊ ဦးဂါ၊ မင်းကွန်းချောင်းနှင့် ကံပြင် ကျေးရွာတို့မှဒေသခံများဖြစ်ကြောင်း ရသေ့တောင်ဒေသခံ ကိုဘက္ကာက ပြောသည်။

ယနေ့တွင် မေယုမြစ်အတွင်းရှိတပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုများရှိခဲ့ပြီးနောက် ကူတောင်ကျေးရွာအနီးသို့ ရေယာဉ်ပေါ်မှတပ်မတော်သားများတက်လာသဖြင့် ကျေးရွာသားများကြောက်လန့်ထွက်ပြေးကြခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီနေ့နေ့လည်လောက်က မေယုမြစ်တွင်းမှာရှိတဲ့ တပ်မတော်ရေယာဉ်က လက်နက်ကြီး၊ ငယ်တွေပစ်ခတ်မှု ရှိတယ်။ နောက်ပြီးတော့ ဂူတောင်အနီးမှာ အဲဒီစစ်ကြောင်းကတက်လာလို့ ကျေးရွာသားတွေကကြောက်ပြီး ထွက်ပြေးသွားကြတာ။ ဒေသခံတွေကတော့ ထောင်နဲ့ချီပြီးတော့ ထွက်ပြေးသွားကြတာ”ဟု ကိုဘက္ကာက ပြောသည်။

ကူတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က “ဒီနေ့ တပ်မတော်စစ်ကြောင်းတစ်ခုတက်လာပြီးတော့ ပစ်ခတ်မှုတွေရှိလို့ထွက်ပြေးကြတာ။ စစ်တွေကိုထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ နောက်ပြီးတော့ အနီးအနား ရွာတွေကိုထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ ထွက်ပြေးသွားတာကတော့ ဒေသခံ ၃၀၀၀ လောက်ရှိမယ်” ဟု DMG သို့ ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်မှပစ်ခတ်မှုများကြောင့် ကျေးရွာသားများ ထွက်ပြေးရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ည ၁၀ နာရီအချိန်ထိ သတင်း ထုတ်ပြန်ထားခြင်းမရှိသေးဘဲ DMG က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ကျောက်တော်မြို့နယ်တွင်လည်း စစ်ရေးလှုပ်ရှားမှုများဆက်လက်ရှိနေသဖြင့် ယခုလအတွင်း မြို့ပေါ် စစ်ဘေးရှောင်စခန်းများ၌ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်အထိ တိုးလာကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန် ကျောင်းသားသမဂ္ဂအဖွဲ့ များနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသည့်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ဗီဒီယိုများ