ရခိုင်က စစ်ဘေးရှောင်စခန်းတချို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံနေရ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုရှိလာသဖြင့် စစ်ဘေးရှောင်များမှာ စိုးရိမ်မှုများရှိနေကြသလို စားနပ်ရိက္ခာများလည်း ပုံမှန်ထောက်ပံ့မှုမရရှိသည့်အတွက် ရိက္ခာပြတ်လတ်မှုများနှင့်ကြုံတွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

09 Aug 2021

DMG ၊ သြဂုတ် ၉

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုရှိလာသဖြင့် စစ်ဘေးရှောင်များမှာ စိုးရိမ်မှုများရှိနေကြသလို စားနပ်ရိက္ခာများလည်း ပုံမှန်ထောက်ပံ့မှုမရရှိသည့်အတွက် ရိက္ခာပြတ်လတ်မှုများနှင့်ကြုံတွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လူဦးရေ ၃၄၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းအနီးက ကျေးရွာအတွင်းတွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးရှိခဲ့သည့်အတွက် စစ်ဘေးရှောင်များအတွက် စိုးရိမ်စရာကောင်းသည့်အခြေအနေဖြစ်နေသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောသည်။

သို့သော် စစ်ဘေးရှောင်များမှာ ကိုဗစ်အန္တရာယ်ကို စိုးရိမ်မှုထက် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရ၍ စားဝတ်နေရေးအတွက် ပိုပြီးစိုးရိမ်ပူပင်နေရသည်ဟု ၎င်းကဆိုသည်။

“ကိုဗစ်ကာလမှာ ကိုဗစ်ထက်ဆိုးတာက စားရေးသောက်ရေး တော်တော်လေး အခက်အခဲဖြစ်တယ်။ ကူညီထောက်ပံ့နေတဲ့အဖွဲ့စည်းတွေလည်း ပုံမှန်မရောက်ဘူး။ အစိုးရကလည်း ပုံမှန်ထောက်ပံ့တာမရှိတဲ့အတွက် စစ်ဘေးရှောင်တွေက တော်တော်လေးအခက်အခဲဖြစ်နေတယ်။ ရောဂါဖြစ်လို့သေမှာကို ကြောက်မှာထက် ငတ်ပြီးတော့သေမှာကို ကြောက်ရမလိုဖြစ်နေတယ်” ဟု ကိုခိုင်မျိုးအောင်က ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိလာနေသည်။

စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း စစ်ရှောင်တချို့မှာ နာမကျန်းဖြစ်ခြင်းများရှိနေသည့်အတွက် ငွေကြေးလိုအပ်ချက်များအပါအဝင် စားနပ်ရိက္ခာများလည်းလိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိန်ရွှေဘုကဆိုသည်။

“လူကယ်ပြန်က ဆန်တစ်ခုတည်းရတာပဲရှိတယ်။ အဲဒါကလည်း ရှေ့လ ဇွန်လအတွက်ကို ဇူလိုင်လမှာလာပေးတာရှိတယ်။ နောက်ထပ်ဘာမှမရသေးဘူး။ အခုလအတွက်လည်းမရသေးဘူး။ဒါပေမယ့်အကုန်လုံးက အခက်အခဲဖြစ်နေကြတယ်ဆိုတော့ ဒီလိုပဲ အဆင်ပြေအောင်ကုပ်ပြီးနေကြရတယ်” ဟု သူကပြောသည်။

လူကယ်ပြန်ဌာနမှထောက်ပံ့သည့် စားနပ်ရိက္ခာများကို စစ်ဘေးရှောင်များမှာ ပုံမှန်မရရှိခြင်းနှင့် WFP မှ ထောက်ပံ့မှုမရရှိသည်မှာလည်း (၂)လကျော်အထိကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့ရခြင်းသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသည့် နိုင်ငံခြားအဖွဲ့အစည်းများနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်ပြီး လုပ်ဆောင်လျှင် စစ်ဘေးရှောင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ရှုမြင်သည်။

“နိုင်ငံတကာအဖွဲ့တွေအနေနဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ဆက်စပ်ပြီးအလုပ်လုပ်သင့်တယ်။ အခုစစ်ဘေးရှောင်စခန်းတွေနဲ့ မြို့နယ်တွေကလည်းများတယ်ဆိုတော့ နိုင်ငံတကာအဖွဲ့တွေက မနိုင်ဘူးပေါ့။ သူတို့မှာက သွားလာခွင့်တွေကိုလည်း စောင့်ဆိုင်းရတာရှိတယ်။ ဆိုတော့ သူတို့ထမ်းနေရတဲ့ဝန်တွေကို အရပ်ဖက်အဖွဲ့တချို့ကို လွှဲပြောင်းပေးပြီးလုပ်ဆောင်ပေးမယ်ဆိုရင် အခက်အခဲတွေရှိမှာ မဟုတ်ဘူး။ နောက်တစ်ခုက တဖွဲ့တည်းမဟုတ်ဘဲနဲ့ မြို့နယ်တစ်ခုကို အဖွဲ့အစည်းတစ်ခုစီနဲ့ချိတ်ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်ဆန်လွယ်ကူးပြီးမှ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်မယ်လို့မြင်တယ်” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်တစ်သိန်းကျာ်မှာ လက်ရှိကိုဗစ်ကာလအတွင်း ကိုဗစ်ကာကွယ်ရေးပစ္စည်းလိုအပ်ချက်များနှင့်အတူ စားနပ်ရိက္ခာအခက်အခဲများနှင့်ပါ ကြုံတွေ့နေကြရသည်။

လက်ရှိအခြေအနေအရ ဘဏ်များမှ ငွေထုတ်ရာတွင် အချိန်ကြန့်ကြာမှုများ၊ အခက်အခဲတချို့ရှိနေသည့်အတွက် စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများပုံမှန်မထောက်ပံ့နိုင်ခြင်းဖြစ်သော်လည်း စစ်ရှောင်စခန်းများတွင် ရိက္ခာများမပြတ်တောက်အောင် စီစဉ်ထားကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း စစ်ဘေးရှောင်စခန်းများရှိ အသက် (၆၅) နှစ်အထက်ရှိသူများကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးရန် ကောင်စီက စီစဉ်နေသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၈၅ ဦးရှိပြီး ပိုးတွေ့လူနာစုစုပေါင်းမှာ ၃၂၄၆ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ် ၈ ရက်နေ့စာရင်းအရသိရသည်။

ဗီဒီယိုများ