AA ကို ရန်ပုံငွေကောက်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံ နှစ်ဦးကို ရုံးချိန်းရွှေ့ဆိုင်း

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA -AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့ကို ယနေ့ရုံးချိန်းထားသော်လည်း ရုံးမထုတ်ဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

07 Jul 2022

DMG ၊ ဇူလိုင် ၇

ယနေ့ (ဇူလိုင် ၇ ရက်နေ့)တွင် ရုံးမထုတ်ရခြင်းမှာ လူကြီးခရီးစဉ်ရှိ၍ မြို့နယ်တရားသူကြီးမအားသောကြောင့်ဟု သိရသည်။ထို့ကြောင့် ဇူလိုင်လ ၂၁ ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ခြင်းဟု သန်းလှိုင်၏ ဇနီးဖြစ်သူ မချိုချိုသိန်းက ဆိုသည်။

"အဲ့ရုံးကလူတွေ ပြောတာက လူကြီးခရီးစဉ်ရှိတဲ့အတွက် ဒီနေ့ တရားသူကြီး မအားဘူးဆိုပြီးတော့ ပြောတယ်။ နောက်လာမယ့် ဒီလ ၂၁ ရက်နေ့မှ ထပ်လာခဲ့ဆိုပြီး ချိန်းဆိုလိုက်တယ်။ အစ်မတို့က သူတို့ပြောတဲ့အတိုင်းပဲ နားထောင်ပြီးတော့ ပြန်လာခဲ့ရတယ် '' ဟု ၎င်းကဆိုသည်။

အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးမှာ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက် ရွှေဥထမင်းဆိုင်အ နီးတွင် ကျောက်ဖြူအခြေစိုက် ခလရ (၃၄ ) တပ်ရင်းက စစ်သားများက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကျောက်ဖြူအခြေစိုက် မြန်မာစစ်တပ် တပ်ရင်းတစ်ခုမှ ဗိုလ်ရဲသက်ဇော်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် ကျောက်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲထားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့  စစ်ရေးတင်မာမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ စစ်ရေးသတိရှိရန် AA ဖက်မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ