ရခိုင်တွင် Quarantine ဝင်နေကြသူအချို့ နေထိုင်စားသောက်ရေး အဆင်မပြေကြောင်းပြော

ရန်ကုန်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းများမှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား စောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်ထားရှိရာ စခန်းအချို့တွင် စားသောက်နေထိုင်ရေး အဆင်မပြေဖြစ်နေ ကြောင်း Quarantine ဝင်နေသူများထံမှ သိရသည်။

05 May 2020

ခင်သရဖီဦး | DMG
မေ ၅ ၊ စစ်တွေ

ရန်ကုန်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းများမှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား စောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်ထားရှိရာ စခန်းအချို့တွင် စားသောက်နေထိုင်ရေး အဆင်မပြေဖြစ်နေ ကြောင်း Quarantine ဝင်နေသူများထံမှ သိရသည်။

Quarantine ဝင်ရောက်နေသူများ၏ စားသောက်နေထိုင်ရေးတို့အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

စစ်တွေမြို့ တိုင်းရင်းဆေးရုံကြီးတွင် Quarantine ဝင်နေသည့် ကိုငြိမ်းချမ်းအောင်က ၎င်းတို့စားရသည့် ထမင်းမှာ ဆန်ကဲ့သို့မာလွန်းနေကြောင်း ပြောသည်။

“ကျနော်တို့ အခုစားနေရတဲ့ထမင်းက ထမင်းနဲ့မတူဘဲ ဆန်လိုမျိုးမာတဲ့ဟာတွေ ပေးပါတယ်။ နောက်တစ်ခုက ကျနော်တို့ကို ကျန်းမာရေးပေးနေတာနဲ့မတူပဲ လှောင်ပိတ်ထားတာနဲ့ တူပါတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ အစားအသောက် အဆင်မပြေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ပြောကြားရာတွင် အပြင်မှ ဝယ်စား ရန်သာပြောကြောင်းနှင့် Quarantine ဝင်နေသူများအနေဖြင့် အပြင်မှ မှာယူစားသောက်ရန်လည်း အဆင် မပြေကြောင်း ကိုငြိမ်းချမ်းအောင်ကပြောသည်။

“ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတယ်။ အဆင်မပြေရင် အပြင်က ဝယ်စားလို့ပြောတယ်။ အဲဒီလို ဆိုတော့ ကျနော်တို့ဝယ်ဖို့အတွက်ကို အပြင်မသွားရဘူး။ ဝယ်ခိုင်းမယ့်သူလည်းမရှိဘူး။ အပြင်မှာ ရဲဝန်ထမ်းနှစ်ဦး ရှိတယ်။ သူတို့နှစ်ယောက်ကို စကားပြောလို့လည်းမရဘူး။ ကျနော်တို့ကို သတ်မယ့်ပုံစံနဲ့ ကြည့်တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်လာသူများကို စစ်တွေမြို့တွင် Quarantine မလုပ်ဘဲ ၎င်းတို့ မြို့နယ်များတွင်သာ Quarantine ဝင်စေခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့မှ စတင်ဝင်လာသူများကို စစ်တွေမြို့ တွင်သာ Quarantine ဝင်ရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(AHCT)မှ သိရသည်။

ယောကျာ်းများကိုထားရှိသည့် စစ်တွေမြို့ တိုင်းရင်းဆေးရုံကြီးတွင် အခန်းတစ်ခန်း၌ လူလေးယောက် ထားရှိ ကာ တစ်ခန်းနှင့်တစ်ခန်း အသွားအလာကန့်သတ်ထားခြင်း မရှိသောကြောင့် Quarantine ဝင်နေသူများမှာ တစ်ခန်းနှင့်တစ်ခန်း အသွားအလာများ ရှိနေကြောင်းလည်း ကိုငြိမ်းချမ်းအောင်ကဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်ကဲ့ပါ။ ညီမတို့ ဌာနကို ဖြေလို့မရလို့ပါ” ဟု DMG ကို အင်တာဗျူးဖြေဆိုရန် ငြင်းဆိုခဲ့သည်။

စစ်တွေမြို့နယ်တွင် တိုင်းရင်းဆေးရုံ၊ နတလကျောင်းနှင့် သူနာပြုကျောင်းတို့တွင် Quarantine ဝင်သူများကိုထားပြီး စောင့်ကြည့်လျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း အခြားတိုင်းနှင့်ပြည်နယ်များမှ ပြန်လာသူများကို ကျောက်ဖြူပညာရေး ကောလိပ် တွင်ထားပြီး စောင့်ကြည့်လျက်ရှိရာတွင် နေထိုင်ရေးအခက်အခဲရှိနေကြောင်း သိရသည်။

“ကျနော်တို့က အကုန်လုံးစုပြီးနေကြရပါတယ်။ နေဖို့အတွက် အိပ်ရာခင်းတွေလည်း တစ်ခုမှမရှိပါဘူး။ အိပ်ဖို့ အတွက်ကို အိပ်ခုတင်တစ်ခုပဲရှိတယ်။ စောင်လည်းမရဘူး။ ခြင်ထောင်လည်း ကျနော်တို့ တစ်ခုမှမရပါဘူး”ဟု ကိုနိုင်ဖြိုးဝေက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် Quarantine ဝင်နေသူများကို ပရဟိတအဖွဲ့များမှ စောင့်ရှောက်ပေးလျက်ရှိကာ အစိုးရမှထောက်ပံ့ပေးခြင်းများမရှိသေးသဖြင့် တတ်နိုင်သလောက်လုပ်ဆောင်နေရကြောင်း ကျောက်ဖြူ လူငယ် ပရဟိတအသင်းခေါင်းဆောင် ဦးသက်လွင်က ဆိုသည်။

“အစကတော့ Police Quarantine ဆိုတော့ အစိုးရက ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ ဧပြီလ ၂၆ရက်နေ့ကစလို့ နောက်ပိုင်းကျတော့ အစိုးရက မပေးတော့ဘူး။ သို့သော်လည်း ကျနော်တို့မြို့က အတတ်နိုင်ဆုံး ကူညီပေးပါတယ်။  Quarantine ဝင်နေသူတွေကို မိမိစရိတ်နဲ့နေရမယ်လို့ သတ်မှတ်ထားလိုက်တဲ့အခါ ကျနော်တို့ ကျောက်ဖြူမှာလည်း အဲဒီလိုဖြစ်သွားပါတယ်။ တချို့သူတွေက ကိုယ့်ဟာကိုယ် အဆင်ပြေနေပေမယ့် တခြား အဆင်မပြေတဲ့သူတွေကို ကျနော်တို့က အတတ်နိုင်ဆုံးလုပ်ပေးနေတာပါ ”ဟု ၎င်းကပြောသည်။

ကျောက်ဖြူလူငယ်ပရဟိတအသင်းအနေဖြင့် Quarantine ဝင်နေသူများ စားဝတ်နေရေးအတွက် မြို့အတွင်းမှ အလှူငွေကောက်ခံကာ ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် Quarantine ဝင်ရောက်သူ စုစုပေါင်း ၃၈၇၅ ဦးရှိကြောင်း ပြည်နယ်အစိုးရသတင်း များကို ထုတ်ပြန်ပေးနေသည့် Rakhine Breaking News Page ၏ မေလ ၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ