သေ့ဘောဘိုးမှ စစ်ရှောင် ၅၀၀ ကျော်အတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးကျေးရွာအနီးက မြန်မာစစ်တပ်စခန်းတိုက်ခိုက်ခံရမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

25 May 2022

ပြီးခဲ့သည့် မေလ ၁၈ ရက် နံနက်ပိုင်းက သေ့ဘောဘိုးကျေးရွာအတွင်းသို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်အနီးသို့ ဒေသခံများတိမ်းရှောင်ခဲ့ရစဉ်။

DMG၊ မေ ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးကျေးရွာအနီးက မြန်မာစစ်တပ်စခန်းတိုက်ခိုက်ခံရမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

အဆိုပါစစ်ေးရှောင်များမှာ ထိုင်း-မြန်မာနယ်စပ်အနီး ဖော့ဖရာခရိုင်ရှိ စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှပြောသည်။

"တိုက်ပွဲကြောင့်တိမ်းရှောင်တဲ့ ဒေသခံတွေအတွက် အဝတ်အထည်တွေကော စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။ စစ်ရှောင်ဒေသခံအချို့ဆို အဝတ်အစား မယူနိုင်တဲ့သူတွေတောင်ရှိတယ်။ စားနပ်ရိက္ခာတွေအတွက်က စခန်းထဲမှာရှိသလိုပဲ စီစဉ်နေရတယ်"ဟု ၎င်းမှပြောသည်။

မြဝတီ-ဖလူးလေး- ဝေါလေကားလမ်းမအနီးရှိ မြန်မာစစ်တပ်မှတပ်စွဲထားသည့် သေးဘော့ဘိုးစခန်းကို ပြီးခဲ့သည့်မေလ ၁၈ ရက်နံနက်ပိုင်းက KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းအနီးတဝိုက်နှင့်ကျေးရွာအတွင်းသို့ စစ်တပ်၏လေကြောင်းဖြင့် တိုက်ခိုက်မှု အကြိမ်(၃၀)ကျော်အထိ ရှိခဲ့သည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ကားလမ်းဖြစ်သည့် မြဝတီ-ဝေါလေလမ်းမကို မြန်မာစစ်တပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးမှုနှင့် တပ်စွဲထားမှုကြောင့် စစ်ရှောင်ဒေသခံများအတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာအမိုးအကာနှင့် အဝတ်အထည်များကိုပေးပို့ရန် အခက်အခဲများဖြစ်ပေါ်နေရကြောင်း ကရင်ဒေသခံ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးမှဆိုသည်။

"အခုအထိ မြဝတီ-ဝေါလေ ကားလမ်းမမှာ စစ်တပ်က အင်အားအများကြီးနဲ့ ကုန်းပုန်းချတာတို့ စစ်ကြောင်းထိုးတာတွေရှိနေတယ်။ စစ်ရှောင်တွေအတွက် ရိက္ခာတွေ၊ အမိုးအကာတွေနဲ့ အဝတ်အစားတွေ သွားပို့ဖို့က မလွယ်ကူဘူးဖြစ်နေတယ်။ စစ်ဆေးတာတွေလည်းရှိတော့ပိုဆိုးတယ်"ဟု ၎င်းမှဆိုသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့နံနက်ပိုင်း၌ မြဝတီမြို့မှ သေ့ဘောဘိုးကျေးရွာသို့ မြန်မာစစ်တပ်မှအင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးချီတက်မှုနှင့် လေးကေ့ကော်မြို့အနီးတဝိုက်သို့ လေကြောင်းဖြင့် (၅)ကြိမ်အထိ တိုက်ခိုက်မှုကြောင့် နေအိမ်  ၅ လုံးထိခိုက်ပျက်စီးခဲ့ကာ KNLA ပူးပေါင်းအဖွဲ့နှင့် လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်အရသိရသည်။

"သေ့ဘောဘိုးကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတာ အင်အား၂၀၀ ကျော် လောက်ရှိနေပြီ။ အခု ဖလူးလေးအနီးမှာ တပ်ချထားတယ်။ စစ်ကြောင်းတွေလာနေတုန်း လေးကေ့ကော်ထဲကို  လေယာဉ်နဲ့ဗုံးကြဲတာ အိမ် ၅ လုံးလောက်ပျက်စီးသွားတယ်။ အခုနှစ်ဖက်တပ်ဆိုင်ပြီး  စောင့်ကြည့်နေတဲ့အနေအထားဖြစ်နေပါတယ်"ဟု KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူမှဆိုသည်။

KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ မြဝတီ-လေးကေ့ကော်-ဖလူးလေး-ဝေါလေလမ်းမအနီး၌ မြန်မာစစ်တပ်၊  နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲများကြောင့် ကရင်ဒေသခံ ၁၀၀၀၀ ကျော်မှာ လက်ရှိအချိန်အထိ ထိုင်း-မြန်မာနယ်စပ်အနီး၌ စစ်ဘေးရှောင်ခိုလှုံနေကြရသည်။

ဗီဒီယိုများ