စစ်တပ်က တရားစွဲထားသည့် ဦးတင်ထွန်းအောင်ကို ထောင်ဒဏ်သုံးနှစ်ချမှတ်

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်ကို ယနေ့(ဧပြီလ ၅ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

05 Apr 2022

DMG ၊ ဧပြီ ၅

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်ကို ယနေ့(ဧပြီလ ၅ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

၎င်းကို ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်ပါပြီ။ ၃ နှစ်အမှုမှာ ၃ နှစ်ချမှတ်လိုက်တာဟာ တရားမျှတမှုရှိ၊မရှိ စဉ်းစားကြည့်ပါတော့။ သူတို့က အဲဒီအမှုနဲ့ပတ်သက်ပြီးချတာထက် တခြားပယောဂတွေနဲ့ ချလိုက်တဲ့ပုံစံပါ။ ကျွန်တော်တို့ ပလက်ဝသားတွေကို လန့်အောင်လုပ်လိုက်တာမျိုးပဲ ထင်ပါတယ်”ဟု ကိုတင်ထွန်းအောင်၏ အစ်ကိုဖြစ်သူ ဦးမင်းအောင်ကပြောသည်။

ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိဟုလို့လည်း ၎င်းကဝေဖန်သည်။ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ကျေနပ်မှုမရှိသောကြောင့် ခရိုင်တရားရုံးတွင် အယူခံဝင်မည်ဟု ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့မိသားစုကတော့ ဒီလိုအမိန့်ချလိုက်တာကို လုံးဝ မကြိုက်ပါ။ တရားမမျှတဘူး။ ကျွန်တော်တို့တရားရင်ဆိုင်ပြီး အယူခံတက်အုံးမှာ။ သူက အစိုးရကလက်မခံနိုင်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်သွားပြီ။ ပြင်ပအလုပ်တွေကိုရှာကြံပြီး လုပ်ရတော့မယ်။ ပြောရမယ်ဆိုရင် အခုကျွန်တော်တို့မှာ ပြတ်ပြတ်သားသား ကျသွားပါပြီ။ မဟုတ်ရင်အစိုးရအလုပ်ပြုတ်မှာလည်း စိုးရိမ်နေရသေးတယ်။ လွတ်အောင်ကိုလုပ်မှာ၊ လွတ်အောင်ကိုကြိုးစားမှာ“ဟု ဦးမင်းအောင်ကပြောသည်။

အသက် ၃၆ နှစ်အရွယ် ဦးတင်ထွန်းအောင်သည် နေပြည်တော်ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူနေမကောင်းသောကြောင့် ခွင့်တိုင်ကြားပြီးပြန်လာစဉ် အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အလံဖြူထောင်သည့်သတင်းကို ရေးသားခဲ့သည့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်တပ်ဘက်က အမှုဖွင့်ထားသည်။

ဗီဒီယိုများ