ကျောက်တော်ဒေသခံ ၂၀ ခန့်အား တပ်မတော်ကဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာတွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၉ နာရီကျော်က ဒေသခံ ၂၀ ဦးခန့်အား တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 23 Sep 2020



မျိုးသီရိကျော် | DMG
စက်တင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာတွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၉ နာရီကျော်က ဒေသခံ ၂၀ ဦးခန့်အား တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီခံထားရသူများမှာ ကျောင်းဆရာမောင်မောင်ဦးအပါအဝင် ဦးမင်းကျော်၊ ဦးထွန်းနိုင်၊ ဦးကျော်သန်း၊ ဦးင/ညီး၊ မောင်ဖြူလှ၊ ဦးလှထွန်းသာ၊ ဦးကျော်ဝင်းစိန်၊ င/လုံးစိန်၊ ဦးသန်းထွန်းမောင်၊ ဦးမောင်မောင်ဝင်းနှင့် ဦးမောင်မောင်ညွှန့် စသည်ဖြင့် ဒေသခံ၂၀ ခန့်အား ကျေးရွာရှိ ဆေးရုံဝင်းအတွင်း၌ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

“တပ်မတော်သားတွေက မနက်စောစော ၇ နာရီလောက်က လမ်းမကြီးအတိုင်း ခြေလျင်လာကြတာ။ ရွာထဲက တွေ့တဲ့လူတွေကို အကုန်ခေါ်ယူသွားတယ်။ အသက်ကြီးပိုင်းတွေကိုကျတော့ လယ်လုပ်ပြီးလာကြတဲ့အချိန်မှာ ဖမ်းသွားတာ။ ဘာလုပ်ဖို့ ခေါ်ထားတယ်ဆိုတာတော့ ဆရာတော်တို့အနေနဲ့ မသိရသေးဘူး” ဟု ဘွဲ့အမည်ကို မဖော်ပြလိုသည့် ဆရာတော်တစ်ပါးကမိန့်ကြားသည်။

၎င်းတို့အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသည့်အတွက် ကျေးရွာအတွင်းမှ လူလတ်ပိုင်း၊ လူငယ်ပိုင်းအမျိုးသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သရက်တပင်ကျေးရွာမှ ကိုဝင်းကျော်က ပြောသည်။

“သူတို့ကို တခုခုလုပ်ပစ်မှာလည်း စိုးရိမ်တယ်။ နှိပ်စက်မှာကိုလည်း စိုးရိမ်ပါတယ်။ ကျေးရွာသားတွေက ဘာမှ အပြစ်မရှိဘူး၊ အခုထိန်းသိမ်းထားတဲ့ လူတွေအထဲမှာ လယ်သမားတွေပဲများတယ်” ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ကျောက်တော်-မြောက်ဦး ကားလမ်းမတွင် သွားလာနေသည့်ကားများ၊ ဆိုင်ကယ်များအား ယင်းတပ်မတော်သားများက စစ်ဆေးမေးမြန်းနေသည်ဟုလည်း ဒေသခံများကပြောသည်။

ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီးခံရမှုအခြေအနေအား အသေးစိတ်မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့နေ့လည်ပိုင်းအထိ သတင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ သရက်တပင်ကျေးရွာတွင် အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းများကို စစ်ဆေးမှုများရှိခဲ့သည်။

ဗီဒီယိုများ