ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်၏အယူခံတင်ထားမှုကို လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်တင်ရမည်

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံတင်ထားမှုကို လာမည့်ရုံးချိန်းတွင် မတူပီခရိုင်တရားရုံး၌ နှစ်ဖက်လျှောက်လဲချက်တင်ရမည်ဟု မိသားစုဝင်များကပြောသည်။

27 May 2022

DMG ၊ မေလ ၂၇

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံတင်ထားမှုကို လာမည့်ရုံးချိန်းတွင် မတူပီခရိုင်တရားရုံး၌ နှစ်ဖက်လျှောက်လဲချက်တင်ရမည်ဟု မိသားစုဝင်များကပြောသည်။

ယနေ့(မေလ ၂၇ ရက်)တွင် အမှုကိုစစ်ဆေးရန် ချိန်းဆိုထားသော်လည်း တရားလိုမရောက်ရှိဘဲ တရားလိုဘက်မှရှေ့နေသာ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို လာမည့်ဇွန်လ ၃ ရက်နေ့တွင် နှစ်ဘက်လျှောက်လဲချက်တင်ကြရန် ထပ်မံရုံးချိန်းလိုက်ကြောင်း ကိုတင်ထွန်းအောင်၏ အစ်ကို ဦးမင်းအောင်က DMG သို့ပြောသည်။

“ဇွန်လ ၃ ရက်နေ့ ရုံးပြန်ချိန်းလိုက်ပါတယ်။ အဲဒီနေ့မှာ နှစ်ဦးနှစ်ဖက်လျှောက်လဲချက်တင်ရမှာပါ။ ဒီနေ့မှာတော့ တရားလိုဘက်ကရှေ့နေရောက်လာတယ်။ တရားလိုလည်း မရောက်လာဘူး။ ဘာဖြစ်တယ်ဆိုတာကိုတော့ ကျနော်လည်းမသိဘူး”ဟု သူကပြောသည်။

ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်ခြင်းခံထားရသည့် ကိုတင်ထွန်းအောင်၏အမှုကို ပြစ်ဒဏ်ဖြေလျော့ပေးရန်အတွက် အယူခံတင်ခဲ့ရာ မေလ ၁၃ ရက်နေ့တွင် မတူပီခရိုင်တရားရုံးမှ ကိုတင်ထွန်းအောင်၏အယူခံကို လက်ခံခဲ့သည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၎င်းကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် စစ်တပ်မှ ဗိုလ်ကြီး ထွန်းထွန်းနိုင်ကတရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့သည်။

အဆိုပါပုဒ်မဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ကိုတင်ထွန်းအောင်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး လက်ရှိမှာ စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်။

ကိုတင်ထွန်းအောင်ကို စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွှေ့စဉ်ကပင် မိသားစုဝင်များမှာ ထောင်ဝင်စာတွေ့ခွင့်မရသေးသဖြင့် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စများအခက်အခဲဖြစ်နေမည်ကို မိသားစုဝင်တို့က စိုးရိမ်နေကြသည်။

“ထောင်ဝင်စာပဲ ပေးခွင့်ရပါတယ်။ လူနဲ့တွေ့ခွင့်က အခုထိမရေ သးပါဘူး။ ဒီလောက်ခေတ်တွေမှာ Video call ပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် ပြောလို့ရအောင်လုပ်ပေးစေချင်ပါတယ်။ အပြစ်ကြီးကျတာလည်းမဟုတ်ဘဲ မိသားစုတွေနဲ့ လုံးဝမတွေ့ရဘူးဆိုတော့ မိသားစုတွေက သူ့ကိုအမှောင်ကြီးထဲ ထားထားသလိုခံစားရတယ်”ဟု အစ်ကိုဖြစ်သူ ကိုမင်းအောင်ကပြောသည်။

ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု သတင်းရေးသားဖော်ပြခဲ့သော Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း စစ်တပ်မှ ဗိုလ်မှူး ဘုန်းမြတ်ကျော်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲဆိုထားသည်။

ဗီဒီယိုများ