တပ်မတော်ယာယီတည်းခိုခဲ့သည့် စာသင်ကျောင်းတွင် ပစ္စည်းများဖျက်ဆီးခံထားရ

“ သူ(တပ်မတော်)တို့ ထွက်သွားတော့  ခြံစည်းရိုးဖျက်ပြီးတော့ ထွက်သွားတာ။ ကတုတ်ကျင်းတွေ တူးထားတယ်။ သဲအိမ်တွေနဲ့ ကာဗာလုပ်ထားတာ။ ရုံးခန်းထဲက မှာရှိနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ စာအုပ် စာတမ်းတွေကို လည်း ဖျက်ဆီးသွားတယ်။ ဆောင်းဘောက်တွေကိုလည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလည်း လုံးဝ ပျက်စီးသွားတယ်”

19 Oct 2019



ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၁၉၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ပြိန်းတောကုန်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  တပ်မတော်က (၉)ရက်ကြာ ယာယီတည်းခိုခဲ့ပြီးနောက် ကျောင်းတွင်းပစ္စည်းများနှင့်ခြံစည်းရိုးများဖျက်ဆီးခံ ထားရသည်ကို တွေ့ရကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနုက DMG ကိုပြောသည်။

အဆိုပါ ကျောင်းတွင် တပ်မတော် တပ်မ (၂၂)မှ အင်အား (၁၀၀)ကျော်ခန့်မှာ အောက်တိုဘာလ (၉)ရက်နေ့ မှ အောက်တိုဘာလ (၁၈)ရက်နေ့အထိ ယာယီတည်းခိုနေထိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ နေထိုင်သည့် အဆောင်မှ အဝတ်အစား၊ အိုးခွက်၊ ပန်းကန်များကိုလည်း ယူဆောင်သွားခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်း နု ကဆိုသည်။

“ သူ(တပ်မတော်)တို့ ထွက်သွားတော့  ခြံစည်းရိုးဖျက်ပြီးတော့ ထွက်သွားတာ။ ကတုတ်ကျင်းတွေ တူးထားတယ်။ သဲအိမ်တွေနဲ့ ကာဗာလုပ်ထားတာ။ ရုံးခန်းထဲက မှာရှိနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ စာအုပ် စာတမ်းတွေကို လည်း ဖျက်ဆီးသွားတယ်။ ဆောင်းဘောက်တွေကိုလည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလည်း လုံးဝ ပျက်စီးသွားတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျောင်းအတွင်း ဆိုလာပြားဖြင့် အသုံးပြုနေသည့်  မီးချောင်းများ၊ ဝါယာကြိုးများလည်း ဖျက်ဆီး ခံထားရသည်ကိုတွေ့ရကြောင်းနှင့်အဆိုပါ ကိစ္စကို ပညာရေးဌာနသို့တင်ပြထားကြောင်း ဒေါ်သန်းသန်းနုက ဆက်လက်ဆိုသည်။

“ ကျမတို့က ကျေးရွာအတွင်း ပညာရေးတိုးတက်ကောင်းမွန်ဖို့ အင်တိုက်အားတိုက်လုပ်နေတဲ့ အချိန်မှာ ဒီလိုပျက်စီးသွားတာဟာ ပညာရေးအတွက် စိတ်ဓာတ်တွေကို ရိုက်ချိုးလိုက်တာနဲ့ တူတယ်။ အဲဒီဒေသက ကျောင်းသားလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG ကဆက်သွယ် မေးမြန်းရာတွင် မအားသေးဟု ဆိုသည်။          

 “အဘ လူကြီးနဲ့ စကားပြောဆိုနေလို့ပါ။ နောက်မှ ပြန်ဆက်ပါနော် ” ဟု ဖုန်းကိုင်သူ တစ်ဦးကပြောသည်။

ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့်ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ ကို DMG ကဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ် ပညာရေးနိမ့်ကျနေသည့်ကာလတွင် အဆိုပါ လုပ်ရပ်မျိုးကို ကန့်ကွက်ကြောင်း ရသေ့တောင်မြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ သူတို့နှစ်ဦးနှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတာကိုတော့ မပြောလိုဘူး။ ဒါပေမယ့်လည်း ကလေးတွေပညာသင်တဲ့ နေရာ၊ ပညာရေးပိုင်းဖြစ်တယ်။  ရခိုင်ပြည်နယ်ဟာ ပညာရေးနိမ့်ကျနေတဲ့အချိန်မှာ ဒီလိုလုပ်တာတွေကို ရှောင်သင့်တယ်။  ဒီဖြစ်စဉ်တွေကို ကျွန်မတို့ကကန့်ကွက်တယ် ” ဟု ၎င်းက ပြောသည်။

ယင်းအလယ်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၁၇၀)ခန့် စာသင်ကြားနေကြပြီး ဆရာ၊ဆရာမအပါ အဝင် ရုံးဝန်ထမ်း စုစုပေါင်း (၁၅)ဦးရှိသည်။

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အ အုံများ၊ဘာသာရေး အဆောက်အအုံများ၊ကျေးရွာများနှင့်အများပြည်သူဆိုင်ရာနေရာများကို အကာအကွယ်ယူ ပြီး ပစ်ခတ်တိုက်ခိုက်မှုများမပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးသင့်ကြောင်းတိုက်တွန်းသည့် အဆိုကို စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်နယ်လွှတ်တော်တွင်အတည်ပြုခဲ့သည်။

ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံခဲ့ကြသည်။ရက္ခိုင့်တပ်တော် (AA)ကလည်း ယင်းအဆိုကို ကြိုဆိုပြီး တိကျစွာလိုက်နာဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၂၆ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ