တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးဒေသခံနှစ်ဦးပြန်လွတ်လာ

တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးမှာ ယမန်နေ့ မေလ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

By နှင်းနွယ် 26 May 2020

နှင်းနွယ် ၊ DMG
မေ ၂၆ ၊ မြောက်ဦး

တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးမှာ ယမန်နေ့ မေလ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဝေသာလီကျေးရွာမှ ဦးမဲှ့နီ ၆၀ နှစ်နှင့် ဦးမောင်စိုးတင် ၅၅ နှစ်တို့နှစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက မေလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို ကျေးရွာအနီးရှိ မင်းသမီးတောင်တန်းသို့ခေါ်ဆောင်သွားကာ ၂ ရက်ကြာ စစ်ဆေးမှုများပြုလုပ် ခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ ဦးမောင်စိုးတင်က DMG သို့ ပြောသည်။

“တောင်ပေါ်ကိုရောက်တော့ (၂)နာရီလောက် ကြိုးချည်ထားတယ်။ ပြီးတော့ AA တွေ ရွာထဲကိုလာရောက်တာ တွေရှိလား။ AA တွေကို တစ်လငွေဘယ်လောက် ထောက်ပံ့ပေးရလဲဆိုပြီးတော့ မေးတယ်။ ပြီးတော့ သူတို့ သွားတဲ့နေရာကိုလိုက်ပေးရတယ်။ သူတို့စားတဲ့ မုန့်ထုပ်တွကိုစားခိုင်းတယ်။ ရိုက်နှက်စစ်ဆေးတာတော့ မရှိဘူး”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ တစ်စုံတစ်ရာမဖြစ်ဘဲ ပြန်လည်လွတ်မြောက်လာသည့်အတွက် ဝမ်းသာမိကြောင်းနှင့် နောက်နောင် တွင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ထပ်မံမဖြစ်စေလိုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဗီဒီယိုများ