ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး တပ်မတော်က ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် အဖွဲ့အစည်း ၁၂၀ ကျော်က ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တောင်းဆို

ဒုက္ခသည်များ အခြေတကျ ပြန်လည်နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားဒေသများတွင် တပ်မတော်က ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်က ဇွန် ၂၀ ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တောင်းဆိုလိုက်သည်။

By အောင်ထိန် 20 Jun 2020

အောင်ထိန် | DMG
ဇွန် ၂၀ ၊ စစ်တွေ

ဒုက္ခသည်များ အခြေတကျ ပြန်လည်နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားဒေသများတွင် တပ်မတော်က ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်က ဇွန် ၂၀ ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တောင်းဆိုလိုက်သည်။

စစ်ဘေးဒုက္ခသည်များအနေဖြင့် မိမိနေရပ်ကို ပြန်ချင်နေကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် နေရပ်ပြန်ရန်နိုင်ရေးမှာ မရေမရာဖြစ်နေကြောင်း တောင်းဆိုချက်မှာ ဖော်ပြထားသည်။

“ဒီတိုက်ပွဲတွေကို ငြိမ်းစေချင်တာပေါ့။ တိုက်ပွဲတွေဖြစ်နေတော့ ရှာဖွေစားသောက်လို့လည်းမရ အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး။ ကျောင်းသားတွေကလည်း ကျောင်းတက်လို့မရ။

အဲဒီလိုဖြစ်နေတဲ့အတွက် ဒီစစ်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်” ဟု ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စစ်တွေမြို့သို့ စစ်ဘေးရှောင်နေသူ မသန်းမြဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေကြသည့် စစ်ဘေးဒုက္ခသည်ဦးရေ (၁၅၆၀၀၀)ကျော်ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

တပ်မတော်အနေဖြင့် ယခင်က အခြားတိုင်းရင်းသားများအား နေရပ်စွန့်ခွာထွက်ပြေးစေခဲ့သော “စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့သည့် အကြမ်းဖက်နည်းဗျူဟာ”များကို  လက်ရှိတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် နေအိမ်များကို မီးရှို့ဖျက်ဆီး ပြာကျစေခြင်း၊ အမျိုးသမီးများနှင့် ကလေးများအပါအဝင် အရပ်သားများမှာ လေးကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးနေကြရပြီး တပ်မတာ်၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်ခြင်းတို့ကို ခံနေရကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

ထို့ပြင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြရာ အထူးသဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောထားစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ဒေသများပါ တိုက်ပွဲများဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်မှု ပြယုဂ်ပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် ထိုးစစ်ဆင်မှုများအားလုံးကို အဆုံးသတ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၊ ရွာသားများ အခြေတကျ ပြန်လည်နေထိုင်ရေးအတွက် တိုင်းရင်းသားနယ်မြေများရှိ မြန်မာစစ်တပ်အား ဖယ်ရှားပေးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစီစနစ်တို့ ထူထောင်ရန် စသည်ဖြင့် တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ရှိလာနေပြီဖြစ်ကာ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။

ထို့ကြောင့် ဧပြီလနှင့် မေလအတွင်း အရပ်သားသေဆုံးသူ ၄၀ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၉၀ ခန့်ရှိခဲ့ရာ ယနေ့ အချိန်ထိ အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ တိုးလာနေသည်။

ဗီဒီယိုများ