WFP ထောက်ပံ့ရေးဆန်ရိက္ခာများ ပလက်ဝမြို့သို့ ရောက်ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒုက္ခသည်များကို ပံ့ပိုးကူညီရန်အတွက် ဆန်ရိက္ခာများသယ်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ယာဉ်များသည် ဧပြီလ ၂၉ ရက်နေ့က ဆမီးမြို့မှ ပလက်ဝသို့ သွားရာ လမ်းတွင် ညနေ ၆ နာရီကျော်အချိန်၌ ပစ်ခတ်ခံခဲ့ရသည်။

By အောင်ထိန် 02 May 2020

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


အောင်ထိန် | DMG
မေ ၂ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒုက္ခသည်များကို ပံ့ပိုးကူညီရန်အတွက် ဆန်ရိက္ခာများသယ်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ယာဉ်များသည် ဧပြီလ ၂၉ ရက်နေ့က ဆမီးမြို့မှ ပလက်ဝသို့ သွားရာ လမ်းတွင် ညနေ ၆ နာရီကျော်အချိန်၌ ပစ်ခတ်ခံခဲ့ရသည်။

ဒုက္ခသည်များကိုကူညီရန် ဆန်အိတ် ၁၀၀၀ ကိုသယ်ဆောင်ပြီး ပခုက္ကူမှထွက်လာသည့် WFP ကား ၅ စီးသည် ယင်းသို့ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ယနေ့ မေလ ၂ ရက်နေ့တွင် ၎င်းဆန်ရိက္ခာများကို ချင်းပြည်နယ် တီးတိန်မြို့မှ ပလက်ဝမြို့သို့ ရေလမ်းမှ တစ်ဆင့် ပို့ဆောင်လျက်ရှိရာ ပလက်ဝမြို့သို့ ယနေ့ဆိန်အိတ်များရောက်ရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ဒီနေ့ ပလက်ဝကို အဲဒီဆန်အိတ်တစ်ထောင်လုံးကို စက်လှေနဲ့ သယ်နေပြီခင်ဗျာ။ ပလက်ဝရောက်ရင် WFP ရဲ့ လုပ်ငန်းအတိုင်း ဒုက္ခသည်တွေကို သူတို့လက်ရောက်ပေးဖို့ ပြင်ဆင်နေတယ်လို့သိရတယ်” ဟု ဝန်ကြီးဦးစိုးထက် က ဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပလက်ဝမြို့နယ်ရှိ ဒုက္ခသည်များ၊ မြို့လူထုနှင့် ဝန်ထမ်းများ တစ်ပတ်စာ စားသုံးရန် ဆန်ရိက္ခာများကို တစ်ပတ်တစ်ကြိမ်စီ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်ရှိ ဒုက္ခသည်များအတွက်ဆန်ရိက္ခာသည်ဆောင်လာသည့် WFP ကားများပစ်ခတ် ခံရခြင်းမှာ AA လက်ချက်ဖြစ်သည်ဟု တပ်မတော်ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၎င်းဆန်ရိက္ခာများပို့ဆောင်ရာတွင် လုံခြုံရေးယာဉ် ၃၁ စီးက ရှေ့မှ ထွက်ခွာခဲ့ပြီး WFP ကား ၅ စီးက နောက်မှ လိုက်ပါခဲ့ကြောင်း၊ ယင်းသို့ထွက်ခွာခဲ့ရာ ဆမီးမြို့၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်တွင် AA က WFP ကားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့ပစ်ခတ်သဖြင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များနှင့် ယာဉ်ပေါ်ပါလုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA က ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ်မှုကြောင့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားအချို့မှာလည်း လက်နက်ငယ်ထိမှန်ပျက်စီးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ယင်း WFP တံဆိပ်ကပ်ထားသည့် ကားများကို AA က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဆန်အိတ်တွေကိုပို့ဆောင်တဲ့အခါ တပ်မတော်ယာဉ်တန်းတွေနဲ့သွားခဲ့တယ်။ အဲလိုသွားတဲ့အခါလည်း ကားတွေ ရှေ့မှာ WFP ဆိုင်းဘုတ်တွေကို စာတန်းကြီးတွေကပ်ပြီးသွားခဲ့ပေမယ့် AA က ပစ်ခတ်ခဲ့တယ်။ အဝေးနေပြီး သိသာထင်ရှားမြင်နိုင်တဲ့ဆိုင်းဘုတ်တွေ ကပ်ထားတာကိုပစ်ခတ်တာက အင်မတန်အရုပ်ဆိုး အကျည်း တန်တယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထိုသို့ WFP မော်တော်ယာဉ်များပစ်ခတ်ခံရမှုသည် မိမိတို့နှင့်သက်ဆိုင်မှုမရှိဘဲ တစ်ဖက်သပ်စွပ်စွဲချက်သာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ကလည်း မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ WFP ကားအပါအဝင် ICRC ကားနှင့် WHO ပိုင် မော်တော်ယာဉ်များ ပစ်ခတ်ခံရမှုကိစ္စရပ်များကို တပ်မတော်နှင့် AA တို့ အပြန်အလှန်စွပ်စွဲထားကြသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၃၀၀၀ ကျော်ရှိကာ ဆန်ရိက္ခာအပါအဝင် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်ရင်ဆိုင်နေကြရပြီး ကုန်ဈေးနှုန်းမြင့်တက်မှုများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်အလှူရှင်များလှူဒါန်းမှုဖြင့် ဆန်အိတ်များဝယ်ယူပြီး ပလက်ဝသို့ ပို့ပေးလျက် ရှိကာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထောက်ပံ့သည့် သုံးလစာရိက္ခာ များကိုလည်း ဝယ်ယူပေးပို့ရန်လုပ်ဆောင်ထားကြောင်း သိရသည်။

“စားနပ်ရိက္ခာကအခက်အခဲဖြစ်တယ်။ ကျနော်တို့ကအလှူရှင်တွေလှူဒါန်းတဲ့ငွေနဲ့ ဆန်အိတ်တွေဝယ်ပြီး ပို့နေ တယ်။ နောက်လူကယ်ပြန်ကထောက်ပံ့တဲ့ သုံးလစာတွေကိုလည်းကျနော်တို့ဝယ်ပြီးတော့ ပို့ဖို့လုပ်ထားတယ်။ နောက်ချင်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့တဲ့ငွေကြေးတွေနဲ့လည်း တချို့ကိစ္စတွေကိုဖြည့်ဆည်းပေးနေတယ်” ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဗီဒီယိုများ