KNU တပ်မဟာ(၅)ခုရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေမြင့်တက်လာမှုကြောင့် အလုံးစုံအခက်အခဲရှိနေ

KNU ထိန်းချုပ်နယ်မြေ(၅)ခုရှိ စစ်ရှောင်စခန်းများ၌ စစ်ဘေးရှောင်ဦးရေမြင့်တက်လာမှုကြောင့် နေရေးထိုင်ရေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လာသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

01 Jun 2022

Photo Credit - ကရင်အမျိုးသားအစည်းရုံး(KNU)-ဗဟို

DMG ၊ ဇွန် ၁

KNU ထိန်းချုပ်နယ်မြေ(၅)ခုရှိ စစ်ရှောင်စခန်းများ၌ စစ်ဘေးရှောင်ဦးရေမြင့်တက်လာမှုကြောင့် နေရေးထိုင်ရေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လာသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိမြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅) မူတြော်ခရိုင်နှင့်တပ်မဟာ(၆) ဒူးပလာယာခရိုင်တို့ရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးတိမ်းရှောင်နေသူ (၁၂၀,၀၀၀)ကျော်ရှိကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးမှပြောသည်။

"သူတို့အတွက်လိုအပ်တဲ့ အစားအသောက်တို့၊ အဝတ်အထည်တွေ နေထိုင်စရာတွေက လူဦးရေများလာတဲ့အတွက် အရင်ထက်ပိုပြီးလိုအပ်လာပါတယ်"ဟု ၎င်းကပြောသည်။

မိုးရာသီရောက်ရှိလာ၍ စစ်ဘေးရှောင်စခန်းများတွင် ကူးစက်ရောဂါများကိုကုသရန် ဆေးဝါးများလိုအပ်နေသည်ဟုလည်း သိရသည်။

စစ်ရှောင်များကိုကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက "အခုမိုးတွင်းကိုရောက်လာပြီဆိုတော့ ရာသီအလိုက်ဖြစ်တတ်တဲ့ တုပ်ကွေးတို့၊ ငှက်ဖျားတို့၊ သွေးလွန်တုပ်ကွေးတို့ပေါ့။ နောက်ဝမ်းရောဂါတို့ကုသဖို့ ဆေးဝါးတွေလိုအပ်လာတယ်။ လူဦးရေ ပိုများလာတာလည်းပါတယ်"ဟု ပြောသည်။

စစ်ရှောင်စခန်းများသို့ အကူအညီများပေးရန်သွားရောက်ရာတွင်လည်း ရာသီဥတုအခြေအနေကြောင့် အခက်အခဲများရှိနေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသည့် နောက်တစ်ဦးကဆိုသည်။

"အချို့နေရာတွေဆိုရင် မိုးရွာတာနဲ့သွားမရတော့ဘူး။ ကြာအင်းဆိပ်ကြီးတို့ ထားဝယ်တို့လိုနေရာမျိုးပေါ့။ နောက်စစ်ရှောင်တွေက တစ်နေရာထဲစုပြီးနေရတာမဟုတ်ဘူး။ ဟိုတစ်စု၊ သည်တစ်စုဖြစ်နေတာ။ တချို့နေတဲ့ရွာဆိုရင် သူတို့ဆီကိုသွားလှူပေးဖို့တော်တော်လေးခက်ခဲတာဖြစ်တယ်"ဟု ၎င်းကပြောသည်။

KNU တပ်မဟာနယ်မြေ(၅)ခုတွင် လက်ရှိအချိန်ထိ မြန်မာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး စစ်ဘေးရှောင်များမှာ ရာသီဥတုဒဏ်၊ ကျန်းမာရေးဆိုင်ရာကိစ္စများနှင့် ကြုံတွေ့နေကြရသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ အသိပေးထုတ်ပြန်ထားသည်။

ဗီဒီယိုများ