ကျောက်တော်တွင် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့်အမျိုးသားနှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားအနီးက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

04 Apr 2020

ခင်သရဖီဦး | DMG
ဧပြီ ၄ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားအနီးက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ဧပြီလ ၃ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်က တပ်မတော်စစ်ကြောင်းတစ်ခုသည် ပိုက်သည်ရပ်ကွက်၊ ဦးလှအောင်သာ နေအိမ်ရှေ့မှ ဖြတ်သွားသည့်အချိန်တွင် ကစ္ဆပနဒီတံတားအနီးမှ ပစ်ခတ်မှုများရှိသောကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် ပိုက်သည်ရပ်ကွက်မှ ဦးလှအောင်သာ(၆၇ နှစ်)၊ ဦးအောင်ကျော်ညွှန့် (၃၅ နှစ်)နှင့် ပိန္နဲချောင်း ရပ်ကွက်မှ မသီတာထွေး (၂၂ နှစ်)တို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ဦးလှအောင်သာမှာ လက်နှင့်ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားပြီး ဦးအောင်ကျော်ညွှန့်မှာလည်း လက်ကောက်ဝတ်တွင် ဒဏ်ရာရရှိသွားသည်။

မသီတာထွေးမှာ ပစ်ခတ်မှုကြောင့် ဗုံးခိုကျင်းထဲတွင် ဝင်ရောက်ခိုလှုံနေစဉ် လက်နက်ကြီးကျည် ကျရောက်လာသဖြင့် နောက်ကျောတွင် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်လာသည်ဟု မိခင်ဖြစ်သူ ဒေါ်ခင်သန်းနုက ပြောသည်။

“ဗုံးတွင်းထဲကို ပြေးဝင်နေတဲ့အချိန်မှာ လက်နက်ကြီးကျည် ကျလာတာပါ” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ပစ်ခတ်မှုများရှိနေသောကြောင့် ဒေသခံများမှာ စိုးရိမ်ထိလန့်မှုများ ရှိနေသည်ဟု ကျောက်တော်မြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“မြို့ထဲမှာတောင် လွတ်လွတ်လပ်လပ်သွားဖို့ အခက်အခဲဖြစ်လာတယ်။ (ထမင်း)စားနေတုန်း လက်နက်ကြီး ကျလာမလား၊ အိပ်နေတုန်း လက်နက်ကြီးကျည် ကျလာမလားဆိုတာကို စိုးရိမ်နေရတယ်” ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့ပေါ်တွင် ပြီးခဲ့သည့်ဧပြီလ (၁)ရက်နေ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု များဖြစ်ပွားခဲ့မှုကြောင့် အရပ်သား(၅)ဦးသေဆုံးကာ(၈)ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့ပေါ်၌တည်ရှိသည့် ရွှေကျောင်း ဘုန်းတော်ကြီးကျောင်းမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ