မြောက်ဦးတွင် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးကို မြန်မာစစ်တပ်က ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူ ၈ ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် မြန်မာစစ်တပ်က မြောက်ဦးခရိုင်တရားရုံးတွင် အမှုဖွင့်ထားကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံမှသိရသည်။

30 Jul 2022

မြောက်ဦးမြို့ အလယ်ဈေးတံတားတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၃၀

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူ ၈ ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် မြန်မာစစ်တပ်က မြောက်ဦးခရိုင်တရားရုံးတွင် အမှုဖွင့်ထားကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံမှသိရသည်။

အမှုဖွင့်ခံထားရသူတို့မှာ မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်(၂၂ နှစ်)၊ ဝသဲရပ်ကွက်မှ ဦးကိုကိုမြင့်(၂၃ နှစ်)၊ တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်း(၃၆ နှစ်)၊ ကုန်ဘောင်ကျေးရွာမှ ချစ်စုဘု(၁၃ နှစ်)၊ မင်းပြားမြို့နယ် အောင်ဒိုင်(မွတ်ဆလင်)ကျေးရွာမှ အာဘုလ်ကာသိမ်း(၂၅ နှစ်)၊ ချင်းပြည်နယ်၊ ပလက်ဝမြို့မှ မောင်ဖွေးအိုင်(၂၈ နှစ်)၊ မတူပီမြို့မှ မောင်ရန်လျန်း(၄၁)နှစ်နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှ မောင်ဖြိုးဝေ(၂၅ နှစ်)တို့ဖြစ်သည်။

ယင်းအထဲတွင် တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်းမှာ ဇွန်လ ၂၂ ရက်နေ့က မိမိကျေးရွာမှ မြက်ရိပ်ကျွန်းသို့ ဟင်းသီးဟင်းရွက် သွားဝယ်စဉ် မြောက်ဦးမြို့ အလယ်ဈေးတံတားအနီးရှိ ၅၄၀ တပ်ရင်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ မလှဘုကပြောသည်။

“သူကို ၅၀၅(က)နဲ့ တရားစွဲထားတယ်။ အဲဒီနေ့က သူက မြက်ရိပ်ကျွန်းကို ဟင်းရှာသွားတဲ့အခါ လမ်းမှာအဖမ်းခံရတာ။ ရုံးထုတ်တာ ၂ ကြိမ်ရှိပြီ။ နောက်လ(သြဂုတ်လ) ၂ ရက်နေ့မှာ ထပ်ပြီးတော့ ရုံးချိန်းထားတယ်။ ဖမ်းတာကတော့ ၅၄၀ တပ်ရင်းက ဖမ်းတာပါ။ ၅၄၀ တပ်ရင်းက စစ်သားတွေ တရားလိုလုပ်ပြီးတော့စွဲတာ။ တရားလိုဘယ်သူလဲဆိုတာ့ ကျွန်မလည်းအတိအကျမသိဘူး”ဟု မလှဘုကဆိုသည်။

ကိုပြည်စုံဝင်းမှာ တိမ်ညိုကျေးရွာတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသူဖြစ်ပြီး ၎င်း၏ဇာတိမှာ ဧရာဝတီတိုင်း၊ ဟင်္သတမြို့မှဖြစ်ကာ တိမ်ညိုကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်သည်။ ဖမ်းဆီးခံရစဉ် စစ်ကြောရေးတွင် ရိုက်နှက်ခံရမှုများစွာရှိခဲ့ကြောင်းလည်း မိသားစုဝင်များထံမှသိရသည်။

ထို့အတူ နောက်ထပ်ဖမ်းဆီးခံထားရသည့် ကိုကျော်ဝင်းလှိုင်ဆိုသူမှာလည်း မြန်မာစစ်တပ်၏ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများစွာရရှိခဲ့ကာ ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်သို့သွားရောက်ပြီး ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များကပြောသည်။

လက်ရှိတွင် ကိုကျော်ဝင်းလှိုင်ကို ရန်ကုန်တွင် ဆေးကုသမှုခံယူနေရသဖြင့် ဒဏ်ရာများမှာ အနည်းငယ်သက်သာသော်လည်း လက်ရှိအချိန်ထိ လမ်းမလျှောက်နိုင်သေးကြောင်းနှင့် ဒဏ်ရာကောင်းမွန်ပြီး ဆေးရုံဆင်းခဲ့လျှင်လည်း အဆိုပါအမှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။

ကိုကျော်ဝင်းလှိုင်၏ ယောက္ခမဖြစ်သူ ဒေါ်လှဝင်းကြည်က “ရန်ကုန်မှာ ဆေးကုနေတာတစ်လလောက်ရှိပြီ။ ဒဏ်ရာတွေကတော့ နည်းနည်းသက်သာတယ်။ ဒါပေမဲ့ လမ်းတော့မလျှောက်နိုင်သေးဘူး။ ဆေးရုံကဆင်းရင်လည်း သူတို့ကို အခုစွဲထားတဲ့အမှုကို တရားရင်ဆိုင်ရအုံးမယ်လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအမှုဖွင့်တာကိုတော့ စိတ်မကောင်းဘူး”ဟု ဆိုသည်။

ကိုကျော်ဝင်းလှိုင်မှာ သုံးဘီးဆိုင်ကယ်မောင်းသူဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က နေအိမ်မှထွက်လာစဉ် မြောက်ဦးမြို့တွင်းတစ်နေရာ၌ မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖသုံးဦးအား ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့ပြီးနောက် မြောက်ဦးမြို့၌ လူ(၈)ဦးမှာ စစ်ကောင်စီ၏ဖမ်းဆီးခဲ့ခြင်းကို ခံခဲ့ရခြင်းလည်းဖြစ်သည်။

လက်ရှိ ရခိုင်တွင် AA တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ရေးရာဆက်နွယ်သူများကို ဖမ်းဆီးမှုများရှိနေပြီး စစ်ကောင်စီဘက်ကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေရှိ ဒေသခံအချို့ကို AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးမှုများရှိကာ တရားစွဲဆိုမှုများလည်းရှိနေသည်။

ဗီဒီယိုများ