ကုလားတန်စီမံကိန်းထဲမှ ပလက်ဝ-ဇိုရမ်ပူကားလမ်း ပြန်လည်ဖောက်လုပ်နေမှုကို ၅ နှစ်အတွင်း အပြီးဆောင်ရွက်မည်

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

By Admin 09 Feb 2023

ကုလားတန်စီမံကိန်းထဲမှ ပလက်ဝ-ဇိုရမ်ပူကားလမ်း ပြန်လည်ဖောက်လုပ်နေမှုကို ၅ နှစ်အတွင်း အပြီးဆောင်ရွက်မည်

လက်ရှိလုပ်နေသည့် ပလက်ဝ - ဇိုရမ်ပူကားလမ်းအား တွေ့ရစဉ်။/ ဓာတ်ပုံ - ဦးစံမြတ်ရွှေ (Facebook)

DMG ၊ ဖေဖော်ဝါရီ ၉ 

ဒေသမတည်ငြိမ်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ၂ နှစ်ကြာအထိ ရပ်နားထားရသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖွံ့ဖြိုးရေးစီမံကိန်းထဲမှ ပလက်ဝ-ဇိုရမ်ပူကားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို တင်ဒါအောင်သည့် ကုမ္ပဏီ ၅ ခုဖြင့် ပြန်လည်စတင်နေပြီး ၅ နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပလက်ဝ-ဇိုရမ်ပူကားလမ်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆိပ်ခံတံတားမှ အိန္ဒိယနိုင်ငံနယ်နိမိတ်အထိ ၁၀၉ ကီလိုမီတာရှည်လျား၍ အကျယ် ၂၇ ပေရှိပြီး အဆိုပါလမ်းကို လက်ရှိ တင်ဒါအောင်ထားသည့် ကုမ္ပဏီများမှ ဖောက်လုပ်နေခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ ပရောဂျက်မန်နေဂျာ ဦးလွင်ကိုကိုအောင်က ပြောသည်။

“တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတစ်ခုစီဟာ လမ်း ၁၀ ကီလိုမီတာကို ဖောက်လုပ်ပေးရတာ။ လမ်းက မြေသားလမ်းကြမ်းအဆင့်ပဲ ရှိသေးတယ်။ လမ်းကို တစ်ဆင့်ချင်း အချောကိုင်သွားမယ်။ လက်ရှိ မြေသားလမ်း လုပ်နေတာကတော့ စက်၊ ယာဉ် ယန္တရားတွေသွားလာလို့ ရအောင်ပေါ့” ဟု ၎င်းက ပြောသည်။ 

တင်ဒါအောင်ထားသည့် ကုမ္ပဏီ ၅ ခုမှာ Su Htoo San ကုမ္ပဏီ၊ K&DL ကုမ္ပဏီ၊ Shwe Mann ကုမ္ပဏီ၊ Future Creator Group Construction ကုမ္ပဏီ၊ Htet Shine Linn ကုမ္ပဏီတို့ဖြစ်ပြီး ပလက်ဝ-ဇိုရမ်ပူကားလမ်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင်ကာ ဖောက်လုပ်နေခြင်းဖြစ်သည်။ 

ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းထဲမှ ချင်းပြည်နယ်၊ ပလက်ဝနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ချိတ်ဆက်မည့် ပလက်ဝ-ဇိုရမ်ပူကားလမ်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သည်။ 

သို့သော် ဒေသမတည်ငြိမ်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကားလမ်းဖောက်မှုကို ၂၀၂၀ ခုနှစ်အတွင်း ရပ်နားခဲ့ရပြီး ၂ နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကားလမ်းကို ပြန်လည်ဖောက်လုပ်လာခြင်းဖြစ်သည်။

ပလက်ဝ-ဇိုရမ်ပူကားလမ်း ဖောက်လုပ်ပြီးစီးလျှင် အဆိုပါကားလမ်းဘေးနားတွင် ပလက်ဝဒေသခံများကို သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကုန်စုံဆိုင်၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပေးရန် မျှော်လင့်မိကြောင်း ပလက်ဝမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီ အာရှလမ်းပြီးရင် ဒီကဒေသခံတွေက လမ်းဘေး ဝဲ/ယာတွေမှာ ဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်ခွင့်ရဖို့ အများကြီး မျှော်လင့်နေကြတယ်။ သက်ဆိုင်ရာကလည်း ဒါကို ခွင့်ပြုပေးစေချင်တယ်။ ပြီးတော့ ဒီမှာက တောတောင်၊ ဥယျာဉ်တွေကို အဓိကလုပ်ကိုင်ကြတာဆိုတော့ ဒီကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း မီဇိုရမ်ဘက်ကို တင်ပို့နိုင်ဖို့ မျှော်လင့်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရခိုင်ပြည်မှထွက်ရှိသည့် ပဲ၊ ငါး၊ ငါးခြောက် စသည့် ကုန်ပစ္စည်းများကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ အိန္ဒိယနိုင်ငံဘက်မှလည်း ရခိုင်ပြည်အတွင်းလိုအပ်သည့် ကုန်ပစ္စည်းများကို တင်သွင်းလာနိုင်သည့် အခွင့်အလမ်းများစွာ ရှိလာမည်ဖြစ်ကြောင်း ရခိုင်ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

“ရခိုင်ပြည်ကထွက်တဲ့ ပဲ၊ ငါး၊ ငါးခြောက် စတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့ဖို့ အခွင့်ရေးတွေရှိလာမယ်။ ဒီလမ်းကြောင်းသာ ပွင့်လာရင် ရခိုင်ပြည်အတွက်ကတော့ ကုန်စည်ပို့ဆောင်မှုနဲ့ ကုန်ပစ္စည်းတင်ပို့တဲ့ အပိုင်းတွေမှာ အခွင့်အလမ်းက တော်တော်ကောင်းသွားမှာ။ နောက်ပြီး လိုအပ်နေတဲ့ ဆေးဝါး၊ အစားအသောက် စတဲ့ ကုန်ပစ္စည်းတွေကို အိန္ဒိယဘက်က စစ်တွေဘက်ကို တင်သွင်းလာနိုင်မယ့်အရာတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် လမ်းတံတားဖောက်လုပ်ခြင်းများ ပြီးစီးသွားလျှင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ကုန်းလမ်းအတိုင်း ကုန်သွယ်မှုပြုလုပ်ကာ ကုလားတန်မြစ်ကြောအတိုင်း ရခိုင်ပြည်၊ စစ်တွေဆိပ်ကမ်းအထိ ကုန်သွယ်နိုင်မည်ဖြစ်သည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

#R005

ဗီဒီယိုများ