ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦး အသတ်ခံရခြင်းအပေါ် ULA/AA လက်ချက်ဟု ပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟု AA တုံ့ပြန်

ALP တပ်ဖွဲ့ဝင်များ သေနတ်ဖြင့်ပတ်ခတ်ခံရပြီး သေဆုံးသွားခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၅ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ထုတ်ပြန်ကြေငြာခဲ့သည်။ 

By Admin 05 Jan 2023

ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦး အသတ်ခံရခြင်းအပေါ် ULA/AA လက်ချက်ဟု ပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟု AA တုံ့ပြန်

ဓာတ်ပုံ - ကိုလင်းလင်း (facebook)

DMG ၊ ဇန်နဝါရီ ၅

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦး အသတ်ခံရခြင်းမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ၏ လက်ချက်ဖြစ်ကြောင်း ALP ၏ ပြောဆိုချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ပြောသည်။

“ဒီလို ကျနော်တို့ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတာကတော့ နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ သူတို့ ALP အချင်းချင်း နှစ်ဖွဲ့ကွဲပြီးတော့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြတာတွေ၊ နောက်ပြီးရင် နေပြည်တော်ကို အစည်းအဝေး သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့လုနေကြတဲ့အခြေအနေတွေ အဲဒီလိုဟာမျိုးတွေရှိပါတယ်။ ပြီးရင် သူတို့အချင်းချင်းကြားမှာ အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အတွင်းပဋိပက္ခတွေလည်း သူတို့မှာ အများကြီးရှိတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့တွင် ပြည်နယ်စစ်ကောင်စီ ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်သွားကြသည့် ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုး နှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့မှာ စစ်တွေမြို့စက်ရုံစုရပ်ကွက် (၁၃) ရှိ ဆီတန်းရှေ့တွင်  သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ALP တပ်ဖွဲ့ဝင်များ သေဆုံးသွားခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၅ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ထုတ်ပြန်ကြေညာခဲ့သည်။ 

ALP ၏ စွပ်စွဲချက်ကို AA ဘက်က ငြင်းဆိုထားပြီး အခြားအင်အားစုအဖွဲ့အစည်းများက ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်သည့်အတွက် ALP တပ်ဖွဲ့ဝင် ၃ ဦးအား သေနတ်ဖြင့် ပစ်သတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးခိုင်သုခက သုံးသပ်ပြောဆိုသည်။

“နောက်တစ်ခု စဉ်းစားစရာကတော့ အခြား အင်အားစုတစ်ခုခုကလည်း ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်တာကြောင့် ဒီလိုသတ်ဖြတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအရှုပ်ထုပ်တွေကြားမှာ ဘယ်သူက ဘယ်လိုလုပ်သွားမှန်း မသိတဲ့အတွက်ကြောင့် ကျနော်တို့ ULA / AA အနေနဲ့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါဘူး” ဟု သူက ဆိုသည်။

ALP တပ်ဖွဲ့ဝင်များ သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး ULA/AA ထံ တစ်စုံတစ်ရာ တိုင်ကြားလာခြင်း မရှိသေးဘဲ တိုင်ကြားလာပါက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

#R005

ဗီဒီယိုများ