မင်းပြားတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ 

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်သေဆုံးမှု တိုးလာနေသည်။ 

By Admin 15 Nov 2023

လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားသည့် ဆင်ကြီးပြင်ကျေးရွာ ဒေသခံတစ်ဦး။ ဓာတ်ပုံ - CJ
လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားသည့် ဆင်ကြီးပြင်ကျေးရွာ ဒေသခံတစ်ဦး။ ဓာတ်ပုံ - CJ

DMG ၊ နိုဝင်ဘာ ၁၅ 

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ဆင်ကြီးပြင်(မွတ်ဆလင်)၊ ဘူးပင် နှင့် ကျွန်းညို ကျေးရွာတို့တွင် နိုဝင်ဘာလ ၁၄ ရက် ညဉ့်အချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံးကာ ကလေးအပါအဝင် ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ယမန်နေ့ ည ၁၀ နာရီခန့်တွင် မင်းပြားမြို့၊ ကျိန်းတောင်ဘုရားတောင်ပေါ်ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၃ လုံးမှာ ဆင်ကြီးပြင်(မွတ်ဆလင်)ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရှိခဲ့သည်။ 

“ကျမတို့က အိမ်အောက်မှာ ဝပ်နေကြတာ။ လက်နက်ကြီးတွေကျလာပြီး အခုလို သေဆုံးဒဏ်ရာရသွားတာ။ နှစ်ယောက်က ဦးခေါင်းပွင့်ထွက်ပြီး တခါတည်းသေသွားတယ်” ဟု သေဆုံးသွားသူ ဆွေယောစ်ဟူဆောန် ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

ဆင်ကြီးပြင်ကျေးရွာမှ ဆွေယောစ်ဟူဆောန်(၂၀ နှစ်)၊ မာမောက်အာလောမ် (၂၅ နှစ်)၊ ဆော်မူဒါ (၅၅ နှစ်) တို့မှာ အခင်းဖြစ်ပွားရာတွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ မင်းပြားဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။ 

ဆင်းကြီးပြင်ရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၉ ဦးမှာ လက်မောင်း၊ ကျောကုန်း၊ ဒူး၊ ပေါင်နှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာရှိသွားပြီး မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်။ 

ဆင်ကြီးပြင်ရွာ ရပ်မိရပ်ဖတစ်ဦးက “ကိုယ့်အိမ်မှာနေပြီး မသေသင့်ဘဲ သေသွားရတယ်။ ကျနော်တို့မှာ ဘာအပြစ်မှမရှိတဲ့အတွက် အရပ်သားရှိတဲ့နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ် မပစ်ခတ်ဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။ 

မင်းပြားမြို့နယ်၊ ကျွန်းညိုကျေးရွာတွင်လည်း ကျိန်းတောင်ဘုရားတောင်ပေါ်မှ စစ်ကောင်စီပတ်ခတ်သော လက်နက်ကြီးကျရောက်မှုကြောင့် အသက် (၂၅) နှစ်အရွယ် မမိမိမှာ ဦးခေါင်းဒဏ်ရာ(မစိုးရိမ်ရ) ရရှိသွားခဲ့သည်။ 

ယင်းအပြင် မင်းပြားမြို့နယ်၊ ဘူးပင်ကျေးရွာမှာ အသက် (၂၄) နှစ်အရွယ် မမဲမချေတို့ လင်မယားနှစ်ဦးမှာ ကျေးရွာအတွင်းသွားလာနေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည်။ 

လက်နက်ကြီးကျည်စ ထိမှန်သွားသည့် မမဲမချေမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသဖြင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ကိုမောင်အေးလှိုင်က ပြောသည်။ 

“ဆေးရုံကိုသွားဖို့ ဘယ်ယာဉ်မှခေါ်လို့မရတဲ့အတွက် ကိုယ့်မိသားစုကပဲ ထမ်းပိုးပြီး ဆေးရုံပို့လိုက်ရပါတယ်။ သူမကတော့ အခုထိ သတိမရသေးဘူး။ သူ့အမျိုးသားကတော့ ဒဏ်ရာနည်းနည်းပဲဖြစ်လို့ မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်သေဆုံးမှု တိုးလာနေသည်။ 

အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စုနှင့် ဒါးလက်ချောင်းအုပ်စု ကျေးရွာများတွင် နိုဝင်ဘာလ ၁၄ ရက် ညအချိန်က လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

DMG က ကောက်ယူထားသောစာရင်းအရ တိုက်ပွဲ ၂ ရက်တာအတွင်း မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်တို့တွင် လက်နက်ကြီးကျရောက်မှု၊ ပစ်ခတ်ခံရမှုကြောင့် အရပ်သားသေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၇ ဦးထိရှိနေသည်။ 

#D003 #D008 #DMG 

ဗီဒီယိုများ