သံတွဲတွင် ကြိုတင်မဲမှားယွင်းမှုကိစ္စ ပြည်ထောင်စုအဆင့်ထိ NLD ကိုယ်စားလှယ် ကန့်ကွက်စာပို့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စုမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကြိုတင်မဲလက်မှတ်များ မှားယွင်းနေမှုကြောင့် မဲလက်မှတ်အသစ်များတွင် ပြန်လည်မဲပေးနိုင်ရန်စီစဉ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အထိ ကန့်ကွက်စာပေးပို့ထားကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

By မျိုးမြင့်ဇော် 02 Nov 2020

သံတွဲမြို့နယ်အတွင်းက သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးနေကြစဉ်။

မျိုးမြင့်ဇော် | DMG
နိုဝင်ဘာ ၂ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စုမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကြိုတင်မဲလက်မှတ်များ မှားယွင်းနေမှုကြောင့် မဲလက်မှတ်အသစ်များတွင် ပြန်လည်မဲပေးနိုင်ရန်စီစဉ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အထိ ကန့်ကွက်စာပေးပို့ထားကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁၁)တွင် ကြိုတင်မဲ ၃၉၁ မဲ ပေးပြီးသည့်အချိန်ခါမှ မဲလက်မှတ်များမှာ မြောက်ဦးခရိုင်၊ ကျောက်တော်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှ မဲလက်မှတ်များဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သံတွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ထို့ကြောင့် သံတွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အောက်တိုဘာ ၃၁ ရက်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး မဲလက်မှတ် အမှားနှင့်ပေးခဲ့သည့် ကြိုတင်မဲ ၃၉၁ မဲကိုပယ်ဖျက်ပြီး ကြိုတင်မဲပြန်ကောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။

သို့သော်လည်း ၎င်းအစီအစဉ်ကို အဆိုပါ မဲဆန္ဒနယ်အမှတ်(၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း(ခ)ဦးစိုးလေးက မြို့နယ်၊ ခရိုင်၊ ပြည်နယ်အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အထိ ကန့်ကွက်စာတင်ခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို စောင့်နေကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးမိုးကျော်က DMG သို့ ပြောသည်။

“ကြိုတင်ဆန္ဒမဲ ပြန်ကောက်မယ့် အစီအစဉ်ကို NLD က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလေးက UEC အထိ ကန့်ကွက်တဲ့အတွက် UEC ရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်” ဟု ၎င်းကပြောသည်။

သံတွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲလက်မှတ်မှားသည့်ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးခေါ်ယူရာတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များကိုသာ ခေါ်ယူခဲ့ပြီး ၎င်းကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း၊ အစည်းအဝေးတွင် မှားနေသည့်မဲပြားနှင့် ပေးထားသည့်မဲများကို ပယ်ဖျက်ပြီး ဒုတိယအကြိမ် ကြိုတင်မဲပြန်ကောက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး NLD ဗဟို CEC သို့လည်း တင်ပြခဲ့ကြောင်း မဲဆန္ဒနယ်အမှတ်(၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း(ခ)ဦးစိုးလေးက DMG သို့ ပြောသည်။

“ဒုတိယအကြိမ် မဲလက်မှတ်ပြန်ကောက်မှာကို ကျနော်ကန့်ကွက်တယ်၊ သူတို့ဆုံးဖြတ်ချက်အတိုင်းဆိုရင် မဲနှစ်ကြိမ်ပေးသလိုဖြစ်နေတယ်၊ ရွေးကောက်ပွဲဥပဒေမှာ မဲနှစ်ကြိမ်ပေးလို့မရဘူး” ဟု ၎င်းကပြောသည်။

မဲလက်မှတ်အမှားနှင့် ပေးခဲ့သည့်မဲများကို နိုဝင်ဘာ ၈ ရက်တွင် ဖွင့်ဖောက်ရေတွက်စေချင်ကြောင်း၊ NLD အား ပေးထားသည့်မဲများမှာ မိမိရသည့်မဲများသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း(ခ)ဦးစိုးလေးက ဆက်ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကောက်ယူနေခြင်းဖြစ်ပြီး သံတွဲခရိုင်တွင် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲ အရေအတွက်မှာ သံတွဲမြို့တွင် ၂၀၅၁၃ မဲ၊ တောင်ကုတ်မြို့တွင် ၃၅၁၈ မဲနှင့် ဂွမြို့တွင် ၁၀၄၇၂ မဲရှိကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။