စစ်တွေမြို့အနီး စက်လှေနစ်မြုပ်ပြီး မွတ်ဆလင် ၄၀ ကျော် ပျောက်ဆုံးနေ

ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များက မွတ်ဆလင်များမှာ မလေးရှားနိုင်ငံသို့သွားရန် ထွက်ခွာလာစဉ် ရာသီဥတုဆိုးဝါးမှုကြောင့် စစ်တွေမြို့၊ ဘာဆာကျေးရွာအနီး ပင်လယ်ပြင်တွင် စက်လှေ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

By Admin 08 Aug 2023

စက်လှေနစ်မြှုပ်ပြီး သေဆုံးသွားသည့် ရုပ်အလောင်းနှင့် စက်လှေကို ဩဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
စက်လှေနစ်မြှုပ်ပြီး သေဆုံးသွားသည့် ရုပ်အလောင်းနှင့် စက်လှေကို ဩဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဩဂုတ် ၈

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘာဆာကျေးရွာအနီး ပင်လယ်ကမ်းပြင်တွင် ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ညနေပိုင်းက မွတ်ဆလင်များ စီးနင်းလာသည့် စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၈ ဦးကို အသက်ရှင်လျက် တွေ့ရှိရပြီး ကျန် ၄၅ ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များက မွတ်ဆလင်များမှာ မလေးရှားနိုင်ငံသို့သွားရန် ထွက်ခွာလာစဉ် ရာသီဥတုဆိုးဝါးမှုကြောင့် စစ်တွေမြို့၊ ဘာဆာကျေးရွာအနီး ပင်လယ်ပြင်တွင် စက်လှေ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

စက်လှေတွင် မွတ်ဆလင်စုစုပေါင်းလူ ၅၅ ဦး စီးနင်းလာပါလာခဲ့ပြီး စက်လှေနစ်မြုပ်မှုကြောင့် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးကာ အမျိုးသား ၈ ဦးကို အသက်ရှင်လျက်တွေ့ရှိထားပြီး ကျန် ၄၅ ဦးမှာ ပျောက်ဆုံးနေသည်ဟု အသက်ရှင်ခဲ့သူတို့၏ပြောစကားကို ကိုးကား၍ ဘာဆာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောသည်။

“အသက်ရှင်ပြီးတွေ့တဲ့သူတွေ ပြောတာကတော့ အဲဒီစက်လှေမှာ အကုန်လုံး လူ ၅၅ ယောက်ပါတယ်လို့ ပြောတယ်။ သူတို့က မလေးရှားကိုသွားတာ။ ပင်လယ်ထဲမှာ လှိုင်းကြီးပြီးတော့ စက်လှေနစ်မြှုပ်သွားတာ။ အခုတော့ အမျိုးသမီးအလောင်း ၂ လောင်းနဲ့ လူ ၈ ယောက်ကိုပဲ တွေ့သေးတယ်။ ကျန် ၄၅ ယောက်က ပျောက်နေသေးတယ်” ဟု ဦးစိုးမြင့်က DMG ကိုပြောသည်။

အဆိုပါ မွတ်ဆလင် ၅၅ ဦးမှာ မလေးရှားနိုင်ငံကိုရောက်လျှင် ပွဲစားဖြစ်သူကို တစ်ဦးအတွက် ငွေကျပ်သိန်း ၁၂၀ ပေးမည်ဟု ကတိကဝတ်ဖြင့် လိုက်ပါလာသူများဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စက်လှေနစ်မြုပ်၍ သေဆုံးရုပ်အလောင်းများကို စစ်တွေလူမှုကူညီရေးအသင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ယူဆောင်သွားပြီး အသက်ရှင် လွတ်မြောက်လာသူ ၈ ဦးကိုလည်း ရဲတပ်ဖွဲ့က အမှတ်(၁)ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဦးမင်းထည်ဝါက “မနေ့က နေလည်လောက်မှာ ဘာဆာရွာမှာ အလောင်းနှစ်လောင်း တွေ့တယ်ဆိုပြီးတာ့ ကျနော်တို့ကို အကူအညီတောင်းလာတဲ့အတွက် အလောင်းတွေကို သယ်ပြီးတော့ စစ်တွေဆေးရုံကြီးက ရင်ခွဲရုံကိုပို့လိုက်ပါပြီ” ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို မည်သို့ဆောင်ရွက်နေသည်ကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့သို့ DMG က ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

အဆိုပါ မွတ်ဆလင်များမှာ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ စက်လှေဖြင့် ထွက်ခွာလာခဲ့ကြပြီး စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီး လှိုင်းဒဏ်ကြောင့် စက်လှေတိမ်းမှောက်ရာမှ ရေပုံးများဖြင့် မျောပါလာခြင်းဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ တစ်ခုဖြစ်သည့် ရခိုင်နေ့စဉ်တွင် ဖော်ပြသည်။

ရခိုင်နေ့စဉ်မှ ဖော်ပြချက်အရ ရခိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့အထိ ၆ လအတွင်း ရခိုင်မှ ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများနှင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင် ၁၈၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းမှုတို့အပြင် မွတ်ဆလင်များမှာ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံရမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြခြင်းဖြစ်သည်ဟု မွတ်ဆလင်များက ဆိုသည်။

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာက မွတ်ဆလင်တစ်ဦးက “မှတ်ပုံတင်(နိုင်ငံသားစီစစ်ရေးကတ်ပြား) လုပ်မယ်ဆိုရင်လည်း ပွဲစားကို ငွေက အဆမတန်ပေးရတယ်။ အဲဒီလို ပေးလိုက်ရင်လည်း မရတာတွေရှိတယ်။ မှတ်ပုံတင်လည်း မလုပ်နိုင်တဲ့အတွက် ခိုးပြီးတော့ အောက်လမ်းကသွားကြတယ်။ စစ်ဆေးဂိတ်တွေမှာ အဖမ်းခံရတယ်။ တချို့ဆိုရင် လှေနစ်ပြီး သေတာတွေအပြင် လမ်းမှာ အသတ်ခံရတာတွေလည်းရှိတယ်” ဟု ပြောသည်။

ပြည်ပနိုင်ငံသို့ ထွက်ခွာကြသည့် မွတ်ဆလင်များမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များနှင့် ပင်လယ်ပြင်တို့တွင် ဖမ်းဆီးခံရပါက တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မ - ၁၃(၁) ၊ ၁၃(၂) ၊ ၁၃(၅) တို့နှင့် အမှုဖွင့် အရေးယူမှုများ ရှိနေသည်။

#R007

ဗီဒီယိုများ