ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများအတွက် ထောက်ပံ့ကြေး ပြန်လည်ရရှိမည်

ရခိုင်တွင် အဆိုပါထောက်ပံ့ငွေကို ယခင်က သုံးလတစ်ကြိမ် (သို့မဟုတ်) တစ်လတစ်ကြိမ်စီ ထုတ်ပေးခဲ့သော်လည်း ၂၀၂၂ နှစ်လယ်ပိုင်းမှစပြီး မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပေါက်တော စသည့်မြို့နယ်တို့တွင် ထောက်ပံ့ငွေမရဘဲ ရပ်ဆိုင်းနေခဲ့သည်။

By Admin 05 Aug 2023

ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများအတွက် ထောက်ပံ့ကြေး ပြန်လည်ရရှိမည်

DMG ၊ သြဂုတ် ၅

ရခိုင်၊ ချင်း၊ ကယား၊ ကရင်၊ ရှမ်း၊ ဧရာဝတီနှင့် နာဂဒေသတို့ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးများအတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ်ကို ယခုသြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်မီရန် ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး တစ်လလျှင် ငွေကျပ် ၁၅,၀၀၀ နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ဩဇာခံ မြဝတီသတင်းက ဖော်ပြသည်။

“ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးတွေကို ငွေကြေးပံ့ပိုးပေးတဲ့အစီအစဉ်ကို ဒေသ ၇ ခုမှာ လုပ်မယ်။ ဒီလိုပံ့ပိုးပေးနိုင်ဖို့ လူမှုရေး သတင်းအချက်အလက်စနစ်ထဲမှာ စာရင်းရေးသွင်းတာကို ဇွန်လက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဇူလိုင်လကုန်မှာ ဒေသတချို့ကနေ အပြီးသတ်စာရင်းတွေ ရရှိနေပါပြီး” ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောဆိုသည်။

လက်ရှိတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးများ၏ စာရင်းကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်းကြရန်နှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တဆင့်ချင်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် အဆိုပါထောက်ပံ့ငွေကို ယခင်က သုံးလတစ်ကြိမ် (သို့မဟုတ်) တစ်လတစ်ကြိမ်စီ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနအလိုက် ထုတ်ပေးခဲ့သည်။ ၂၀၂၂ နှစ်လယ်ပိုင်းမှစပြီး မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပေါက်တော စသည့်မြို့နယ်တို့တွင် ထောက်ပံ့ငွေမရဘဲ ရပ်ဆိုင်းနေခဲ့သည်။

လက်ရှိတွင် ထောက်ပံ့ကြေး ပြန်ရမည်ဆိုသည့်အပေါ် မြောက်ဦးမြို့နယ် ရွှေကျင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်တင်က “ပြန်ရမယ်ဆိုရင်တော့လည်း ဝမ်းသာတာပေါ့။ အခုလို ကုန်စျေးနှုန်း တက်နေတဲ့ကာလမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေအတွက် အထောက်အကူ တစ်ခုလည်းဖြစ်တယ်။ သူတို့လည်း ဒီထောက်ပံ့ငွေကို မျှော်လင့်နေကြတာပါ” ဟု ပြောသည်။

ကျောက်တော်မြို့၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်ထွေးထွေးကလည်း အဆိုပါ ထောက်ပံ့ငွေ လစဉ်ပုံမှန်ရနေလျှင် ကလေးအတွက် အားဆေးများ ဝယ်တိုက်နိုင်မည်ဟု ပြောသည်။

ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(Maternal and Child Cash Transfer – MCCT)ကို အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဆင်းရဲမှုအခြေအနေ အညွှန်းကိန်းများ မြင့်မားနေသော ဒေသများတွင် ၂၀၁၇ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

MCCT အစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ချင်းပြည်နယ်တွင် ဦးစွာဆောင်ရွက်ခဲ့ပြီးနောက် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ရခိုင်ဒေသတွင် ဦးစားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

#R010

ဗီဒီယိုများ